“ပါဆယ်ပို့မည့် ပစ္စည်းများအနက် လက်နက်အစစ်နှင့် အနီးစပ်ဆုံးတူသောပစ္စည်းများအပြင် ပေးပို့၍မရနိုင်သည့် ပစ္စည်းများကို Royal Express ထုတ်ပြန်”
29 Aug
လက်နက်အစစ်နှင့်အနီးစပ်ဆုံးတူသည့် ကစားစရာများ၊ Power Bank၊ ဘက်ထရီနှင့် မီးစက်များအပါအဝင် ပါဆယ်ပို့ရာတွင် ပေးပို့၍မရနိုင်သောပစ္စည်းများကို Royal Express က ထုတ်ပြန်ထားပါတယ်။ ပေးပို့နိုင်ခြင်းမရှိသည့်ပစ္စည်းများမှာ ရွှေထည်၊ ငွေထည်နှင့် ရှေးဟောင်းပစ္စည်းများ ကျောက်မျက်ရတနာနှင့် တန်ဖိုးကြီးပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ၊ FDA မှ တားမြစ်ထားသော အလှကုန်နှင့်ဆေးဝါးများ၊ အမြင်မတင့်တယ်သောပစ္စည်းများ၊ ငွေစက္ကူကဲ့သို့ တန်ဖိုးရှိသောပစ္စည်းများ၊ ထီလက်မှတ်၊ ချက်လက်မှတ်များနှင့် ပြန်လည်အစားထိုးပြုလုပ်ရန် ခက်ခဲသော စာရွက်စာတမ်းများ၊ လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ၊ လက်နက်အစစ်နှင့် အနီးစပ်ဆုံးတူသော ကစားစရာများ၊ အချွန်အထက်ပစ္စည်းများ၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ Power Bank၊ ဘတ်ထရီနှင့် မီးစက်များ ပါဝင်ပါတယ်။ ပါဆယ်ပို့ရာတွင်လည်း အမျိုးအစားမတူညီသည့်ပစ္စည်းများ ရောနှော၍ပေးပို့ခြင်းကို လုံးဝရှောင်ကျဉ်ပေးရန်၊ ပေးပို့သည့်ပါဆယ်ပစ္စည်းများသည် တစ်ကိုယ်ရည်သုံးအတွက်သာ အသုံးပြုသည့်အရေအတွက်သာ ဖြစ်ရမှာဖြစ်ကြောင်း၊ ပေးပို့သော ပါဆယ်ပစ္စည်းများတွင် ပေးပို့ခွင့်မရှိသည့် ကန့်သတ်ပစ္စည်းများ ပါဝင်နေပါက ပေးပို့သူသည် တရားဥပဒေအရ ရင်ဆိုင်ရမည့် ပြဿနာအတွက် တာဝန်ရှိကြောင်း၊ ပေးပို့သည့်ပါဆယ်ပစ္စည်းပေါ်တွင် “မဖောက်ရ/မဖွင့်ရ” စတဲ့ အမှတ်အသားများအား ရေးသားဖော်ပြထားခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လက်ခံသူ၏ အချက်အလက်များနှင့် ပေးပို့သည့် ပစ္စည်းအမျိုးအစားများကို မှားယွင်းသည့်အချက်အလက်များဖြင့် ဖုံးကွယ်၍ (သို့) ပေးပို့ရန် လက်မခံသည့် ပစ္စည်းများကို ကွယ်ဝှက်၍ပို့ဆောင်ပါက ပေးပို့သူတွင်တာဝန်အပြည့်ရှိကြောင်း Royal Express က ထုတ်ပြန် ထားရှိပါတယ်။ (NVS-004)