“ဒဏ်ကြေး ဒေါ်လာ ၄၂,၅၀၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မက်ဗီဒက်ဗ်”

29 Aug

အခုနှစ် ယူအက်စ်အိုးပင်း ပထမအဆင့်ကနေ ထွက်ခဲ့ရတဲ့ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ် ကို သူ့ရဲအပြုအမူ တွေအတွက် ကြီးမားတဲ့ ဒဏ်ကြေးပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း မက်ဗီဒက်ဗ် ဟာ ပထမအဆင့်ပွဲအဖြစ် ကစားတဲ့ ပြင်သစ်နိုင်ငံသား ဘင်ဂျမင် ဘွန်ဇီ နဲ့ပွဲမှာ ပြိုင်ကွင်းထဲကို လမ်းလျှောက်ဝင်လာတဲ့ ဓာတ်ပုံဆရာတစ်ယောက်နဲ့ ပတ်သက်လို့ ဒိုင်လူကြီးနဲ့ စကားများခဲ့တာဖြစ်ပါတယ်။ ဘွန်ဇီ ရဲ့ စပေးဘော ရိုက်ချက်မဝင်ခဲ့တဲ့အတွက် မက်ဗီဒက်ဗ် အမှတ်ရမှာ ဖြစ်ပေမယ့် ကွင်းလယ်ဒိုင်က ဘွန်ဇီ စပေးဘောရိုက်ချိန်မှာ ဓာတ်ပုံဆရာဝင်လာတဲ့အတွက် ပြန်ရိုက်ဖို့ သတ်မှတ်ခဲ့လို့ မက်ဗီဒက်ဗ် ပေါက်ကွဲခဲ့ပြီး တင်းနစ်ရိုက်တံတွေကို ရိုက်ချိုးတဲ့အထိ စိတ်လှုပ်ရှားသွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ မက်ဗီဒက်ဗ်ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် ဒီဖြစ်ရပ်အပေါ်မှာ ကျေနပ်ခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ မက်ဗီဒက်ဗ်က ပြောကြားခဲ့ပါတယ်။ အမေရိကန်တင်းနစ်အဖွဲ့ချုပ်ကတော့ မက်ဗီဒက်ဗ် ကို အားကစားသမားမပီသတဲ့ အပြုအမူအတွက် ဒဏ်ကြေးဒေါ်လာ ၃ သောင်း၊ တင်းနစ်ရိုက်တံကို ရိုက်ချိုးခဲ့တဲ့ အပြုအမူ အတွက်ဒေါ်လာ ၁၂,၅၀၀ စုစုပေါင်းဒဏ်ကြေးဒေါ်လာ ၄၂,၅၀၀ ပေးဆောင်ဖို့အတွက် ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ (NVS 008)

29 Aug

ADVERTISE HERE .