“ဂါဇာစစ်ပွဲကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂဝန်ထမ်းများတောင်းဆို”
29 Aug
လက်ရှိဖြစ်ပွားနေသော ဂါဇာစစ်ပွဲကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကုလသမဂ္ဂဝန်ထမ်းရာပေါင်းများစွာက ၎င်းတို့၏မဟာမင်းကြီးထံ စာရေးသားတောင်းဆိုလိုက် ကြောင်း သိရသည်။ ဂါဇာဒေသ၌ အစ္စရေးနှင့်ဟားမက်စ်တို့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် နှစ်နှစ်နီးပါးကြာမြင့်လာ ချိန်တွင် ပမာဏအားဖြင့်သော်လည်းကောင်း၊ နယ်မြေအကျယ်အားဖြင့်သော်လည်းကောင်း၊ လုပ်ဆောင်သည့် တိုက်ခိုက်မှုများအရသော်လည်းကောင်း လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်သတ်မှတ်ရန် လုံလောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဝန်ထမ်းများ ပေးပို့သောစာတွင် ဖော်ပြထားသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်တွင် ရဝမ်ဒါ၌ ဖြစ်ပွားသော လူမျိုးတုံးသတ်ဖြတ်မှုများကိုတားမြစ်ရန် ကုလသမဂ္ဂအနေဖြင့် ပျက်ကွက်ခဲ့သောကြောင့် လူပေါင်းတစ်သန်းကျော် သေဆုံးခဲ့ရကြောင်း အဆိုပါစာတွင်ရည်ညွှန်းထားသည်။ ယခုကဲ့သို့ ကုလသမဂ္ဂဝန်ထမ်းများ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ အစ္စရေးအစိုးရဘက်က တုံ့ပြန်ပြောဆိုမှု များ မလုပ်သေးသော်လည်း ယခင်ကမူ အစ္စရေးနိုင်ငံသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်သည့်အနေဖြင့် စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်သောကြောင့် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိ ဖြစ်ပွားနေသော ဂါဇာစစ်ပွဲတွင် သေဆုံးသူ ၆၃,၀၀၀ နီးပါးရှိနေပြီဖြစ်သကဲ့သို့ ပြည်သူသိန်းပေါင်းများစွာသည်လည်း အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုစောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အစ္စရေးနှင့်ဟားမက်စ်တို့ကြားစစ်ပွဲသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဟားမက်စ်တို့က အစ္စရေးပြည်သူများကို တိုက်ခိုက်ကာ ဓားစာခံဖမ်းခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း The Straits Times သတင်းဌာနဖော်ပြချက်အရ သိရသည်။