“SCO အဖွဲ့ဝင်နိုင်ငံများနှင့်တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၂ ဒသမ ၄ ဘီလီယံအထိ ရောက်ရှိ”
29 Aug
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)မှ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ တို့ကြား ၂၀၂၄ ခုနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၁၂ ဒသမ ၄ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း၊ ထိုပမာဏသည် ၂၀၂၃ ခုနှစ် ကုန်သွယ်မှုပမာဏထက် ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးတာဝန်ရှိသူ တစ်ဦးက ဩဂုတ်လ ၂၇ ရက်တွင် ပြောသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် SCO အဖွဲ့ဝင်နိုင်ငံများမှ ဒေါ်လာ ၉၀ ဘီလီယံတန်ဖိုးရှိ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးများ၊ ဒေါ်လာ ၁၃ ဒသမ ၆၆ ဘီလီယံတန်ဖိုးရှိ စိုက်ပျိုးရေးထုတ်ကုန်များကို တင်သွင်းခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး လင်းကျီက သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။ ထို့ပြင် SCO အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်တင်သွင်းမှုပမာဏစုစုပေါင်းသည် တရုတ်နိုင်ငံက ပြည်ပမှ စွမ်းအင် တင်သွင်းမှုစုစုပေါင်း၏ ငါးပုံတစ်ပုံရှိကြောင်း လင်းကျီက ဆက်ပြောသည်။ အလားတူ တရုတ်နိုင်ငံနှင့် SCO အဖွဲ့ဝင် နိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျန်းလီက ပြောသည်။ ထို့အတူ SCO အဖွဲ့ဝင်နိုင်ငံများ အတွင်း တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၃,၀၀၀ ကျော် ကိုတည်ထောင်နိုင်ပြီး နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သိန်းကျော်ကို ဖန်တီးပေးနိုင်ကြောင်း ကျန်းလီ က ဆက်ပြောသည်။ SCO အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် ၂၄ နှစ်သို့ရောက်ရှိလာချိန်တွင် ထိုအဖွဲ့၏ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးကို ကိုယ်စားပြုသည့် အခြေအနေအထိရောက်ရှိလာပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက် အရ သိရသည်။