“အကြမ်းဖက်အဖွဲ့များထိန်းချုပ်ထားတဲ့ စက်ရုံနှင့်ဖယောင်းတောင်သတ္တုတွင်းဒေသတို့ကို တပ်မတော်မှပြန်လည် ထိန်းချုပ်”

29 Aug

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာဒေသရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင် သတ္တုတွင်း ဒေသတို့ကို TNLA နှင့် MDY-PDF အကြမ်းဖက်အဖွဲ့စည်းတွေက ခေတ္တထိန်းချုပ်ထားတာကြောင့် တပ်မတော်မှ ၎င်းဒေသတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ တပ်မတော်မှ ဇူလိုင်လ ၂၁ ရက်ကစတင်ကာ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးအဖြစ် စစ်ကြောင်း(၄) ကြောင်း ဖြန့်၍ တိုက်ခိုက်ခဲ့ကြရာ ဩဂုတ်လ ၂၄ ရက်တွင် MDY-PDF အကြမ်းဖက်အဖွဲ့များ ခေတ္တထိန်းချုပ်ထားသည့် ဖယောင်းတောင်သတ္တုတွင်းဒေသ ဩဂုတ်လ ၂၈ ရက်တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံတို့ကို ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကာလ ၁ လ ၇ ရက်အတွင်း TNLA နှင့် MDY - PDF အကြမ်းဖက်အဖွဲ့များ နှင့် တိုက်ပွဲကြီး/ငယ် ၂၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် နှစ်ဖက်လုံးတွင် အကျအဆုံးများ ရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ အယ်လ်ဖာဘိလပ်မြေစက်ရုံက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ အနီးတွင်တည်ရှိပြီး ၂၀၁၇ ခုနှစ်မှာ စီမံကိန်းလုပ်ငန်းများစတင်ခဲ့ကာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာ ထုတ်လုပ်မှုများ ဆောင်ရွက်ခဲ့ပြီးစက်ရုံမှာ နိုင်ငံခြားသားပညာရှင် ၈၀ ဦး၊ ပြည်တွင်းလုပ်သား ၃၀၀ ဦးရှိကာ တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅,၀၀၀ ထွက်ရှိ၍ ဒေသတွင်း ဘိလပ်မြေလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးလျက်ရှိတဲ့ စက်ရုံဖြစ်ပါတယ်။ ဖယောင်းတောင်သတ္တုတွင်း(ရွှေသန့်စင်)လုပ်ငန်းက သတ္တုတွင်းဝန်ကြီးဌာနမှ ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ နိုင်ငံ့အကျိုးစီးပွားအတွက် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်စက်ရုံအဖြစ် လုပ်ငန်းငှားရမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါသတ္တုတွင်းလုပ်ငန်း၌ နိုင်ငံ့အဖိုးတန်ရွှေသတ္တုအရိုင်းများကို ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်းလုပ်ငန်းများနဲ့ နိုင်ငံတော်နှင့်ပြည်သူလူထုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အကျိုးပြုလျက်ရှိပြီး ဝန်ထမ်းပေါင်း ၁၇၀ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိပါတယ်။ (NVS 004)

29 Aug

ADVERTISE HERE .