“ရန်ကုန် – မန္တလေး ခရီးစဉ်အတွက် DEMU စပိန်တွဲဆိုင်း ၁၄ ဆိုင်း ရောက်ရှိ”
29 Aug
မြန်မာ့မီးရထားမှ ရန်ကုန် – မန္တလေးခရီးစဉ်တွင် ပြေးဆွဲရန်အတွက် DEMU စပိန်တွဲဆိုင်း ၁၅ ဆိုင်းကို ပြည်ပမှ မှာယူထားရာ လက်ရှိတွင် စပိန်တွဲဆိုင်း ၁၄ ဆိုင်း ရောက်ရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တွဲဆိုင်း ၁၄ ဆိုင်းအနက် ၁၃ ဆိုင်းကို မြန်မာ့မီးရထားကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ကာ ကျန်တစ်ဆိုင်းကို အရည်အသွေးစစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာ့မီးရထား(သွားလာရေးဌာန)မှ သိရပါတယ်။ ပြည်ပမှ ရထားတွဲဆိုင်းများ မှာယူရာတွင် ဂျပန်တွဲဆိုင်း ၄ ဆိုင်းနှင့်အတူ DEMU စပိန်တွဲဆိုင်း ၁၅ ဆိုင်းကို မှာယူခဲ့ခြင်းဖြစ်ကာ စပိန်တွဲဆိုင်းများ အနက် တွဲဆိုင်း ၁၄ ဆိုင်းသာရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့ပတ်မှာ အသုံးပြုထားတဲ့ တွဲဆိုင်း ၁၁ ဆိုင်းမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က ရောက်ရှိထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ လက်ရှိတွင် ရထားများကို မောင်းနှင်နိုင်ရန်အတွက် JICA မှ စာတွေ့၊ လက်တွေ့သင်တန်းပို့ချပေးနေကာ DEMU ရထားတွဲဆိုင်းများ မောင်းနှင်စနစ်၊ ပြုပြင်ရေးတို့အတွက် စက်ခေါင်းမောင်းများအပြင် စက်ခေါင်းပြင်အဖွဲ့များ၊ တွဲထိန်း၊ ဂတ်ဗိုလ်၊ သွားလာပို့ဆောင်ရေးမှ ဝန်ထမ်းများကိုပါ ပူးတွဲသင်တန်းများ ပို့ချပေးနေကြောင်းလည်း သိရပါတယ်။ DEMU စပိန်တွဲဆိုင်းတွင် အထက်တန်းတစ်တွဲ၌ ခုံပေါင်း ၃၃ ခုံပါဝင်ပြီး ပထမတန်းလေးတွဲတွင် ၂၂၄ ခုံ ပါဝင်ပါတယ်။ ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာ ပြေးဆွဲနေသော DEMU စပိန်တွဲဆိုင်းတွင် ဘေးတန်းမျက်နှာချင်းဆိုင်ဖြစ်ပြီး ရထားတွဲတစ်စီးတွင် တွဲဆိုင်းခြောက်ဆိုင်းပါဝင်ကာ ထိုင်စီးခရီးသည် ၃၃၂ ဦးနှင့် မတ်တပ်စီးခရီးသည် ၅၀၀ ခန့်ဖြင့် စုစုပေါင်း ခရီးသည် ၈၃၂ ဦးခန့် လိုက်ပါစီးနင်းနိုင်ကြောင်းလည်း သိရပါတယ်။ (NVS 004)