“ခွင့်ပြုမိန့်ထက် ကျော်လွန်စေခိုင်းနေသော စက်ရုံ၊ အလုပ်ရုံများကို အရေးယူမှုများ ဆောင်ရွက်သွားမည်”

29 Aug

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်များတွင် အချိန်ပိုကို ခွင့်ပြုမိန့်ထက် ကျော်လွန်စေခိုင်း နေသော စက်ရုံ၊ အလုပ်များ စစ်ဆေးတွေ့ရှိရသဖြင့် ယင်းစက်ရုံ၊ အလုပ်ရုံများအပေါ် ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သြဂုတ်လ ၂၆ ရက်တွင် အကြောင်းကြားစာပေးပို့ထားကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စည်းကြပ်နယ်မြေအတွင်းရှိ စက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ ဝါးတစ်ရာ စက်မှုဇုန်၊ သာဓုကန်စက်မှုဇုန်၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံ/အလုပ်ရုံများအနေနဲ့ အချိန်ပိုလုပ်ကိုင်ရန် အချိန်ပိုခွင့်ပြုမိန့် တောင်းခံ၍ လုပ်ကိုင်လျက်ရှိနေပေမယ့် အချို့စက်ရုံ၊ အလုပ်ရုံများမှာ တနင်္လာနေ့မှသောကြာနေ့အထိအချိန်ပိုကို ခွင့်ပြု မိန့်ထက်ကျော်လွန်၍ လုပ်ကိုင်နေတာကြောင့် အလုပ်သမားများမှ တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။ တိုင်ကြားမှုများအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုမိန့်ထက် ကျော်လွန်လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရသလို စနေနေ့မှာလည်း ခွင့်ပြုမိန့်ထက်ကျော်လွန်၍ အချိန်ပိုကို ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ စေခိုင်းခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အကြောင်းကြား စာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စစ်ဆေးတွေ့ရှိရတဲ့ စက်ရုံ၊ အလုပ်ရုံများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်သလို ထပ်မံ၍ခွင့်ပြုမိန့်ထက်ကျော်လွန်လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံများကိုလည်း စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးထားပြီး ခွင့်ပြုမိန့်ထက်ကျော်လွန်လုပ်ကိုင်ခြင်းမပြုရန်နှင့် သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးထားပါတယ်။ (NVS 004)

29 Aug

ADVERTISE HERE .