“ကယန်းသာယာဓာတ်အားခွဲရုံပြင်ဆင်မှု အလုံးစုံပြီးစီးကာ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိ”

29 Aug

တိုက်ပွဲများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ ကယားပြည်နယ်ရှိ ကယန်းသာယာဓာတ်အားခွဲရုံကို အလုံးစုံ ပြင်ဆင်ပြီးဖြစ်၍ လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ သိရပါတယ်။ အခုလိုပြင်ဆင်ပြီးစီးမှုနှင့် ဓာတ်အားခွဲရုံထိန်းချုပ် စက်များမောင်းနှင်၍ ဓာတ်အားထုတ်လွှတ်ဖြန့်ဖြူးပေးနေမှု တို့ကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က သြဂုတ်လ ၂၇ ရက်နံနက်ပိုင်းမှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကယန်းသာယာဓာတ်အားခွဲရုံ ဓာတ်အားစနစ်အပြင် ဘီလူးချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်တဲ့ ဓာတ်အားများကို လောပိတ-တီကျစ် လိုင်းအမှတ်(၁)နှင့် လွိုင်ကော်-တီကျစ်လိုင်း အမှတ်(၂)တို့မှ နိုင်ငံတော်ဓာတ်အား စနစ်သို့ စတင်စမ်းသပ်ပို့လွှတ်လျက်ရှိရာ လက်ရှိမှာ ၅၀ မဂ္ဂါဝပ်နဲ့ မောင်းနှင်စမ်းသပ်ပို့လွှတ်လျက်ရှိပြီး ထပ်မံတိုးမြှင့်၍ ၈၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပို့လွှတ်သွားမှာဖြစ်ပါတယ်။ ယကန်းသာယာဓာတ်အားခွဲရုံမှ လွိုင်ကော်စက်မှုဇုန်၊ လွိုင်လင်လေးမြို့၊ လွိုင်ကော်-မိုးဗြဲလမ်းတစ်လျှောက် ကျေးရွာများ၊ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် ဓာတ်အားခွဲရုံဝန်းကျင်ရှိ ကျေးရွာများသို့ ဓာတ်အားပို့လွှတ်ပေးလျက်ရှိပါ တယ်။ ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ်က စက်မှုဇုန်လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေး နိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် 200 KVA ထရန်စဖော်မာများ တပ်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး ခဲ့ပြီးလုပ်ငန်းများ ယခုထက်ပိုမိုလည်ပတ်လုပ်ကိုင်နိုင်ရန် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင် စီမံထားရန် မှာကြားခဲ့ပါတယ်။ တိုက်ပွဲများကြောင့် အစိုးရရုံးဌာနအချို့အပါအဝင် လွိုင်ကော်မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရပါတယ်။ (NVS 004)

29 Aug

ADVERTISE HERE .