“ရန်ကုန်တိုင်းဒေသကြီး၌ ဩဂုတ်လအတွင်း လျှပ်စစ်ဓာတ်အား ၅၁ ရာခိုင်နှုန်း ဖြန့်ဖြူးပေးထား”

28 Aug

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုနှစ် ဩဂုတ်လအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ဓာတ်အား ၅၁ ရာခိုင်နှုန်း ဖြန့်ဖြူးပေးထားကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတဲ့ ဓာတ်အားပေးစက်ရုံများရဲ့ အရင်း အမြစ်အလိုက် စုစုပေါင်းတပ်ဆင်စက်အင်အား ၆,၈၇၉ မဂ္ဂါဝပ်ကျော်ရှိတဲ့ ဓာတ်အားလိုင်းများ မိုင်းခွဲဖျက်ဆီးခံရခြင်း၊ သဘာဝဘေးကြောင့် ဓာတ်အားပေးစက်ရုံများ ထိခိုက်ပျက်စီးခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် မူလထုတ်လုပ်နိုင်သည့် ဓာတ်အားကနေ ၇၉၈ မဂ္ဂါဝပ်ခန့် လျော့နည်းလာပါတယ်။ လက်ရှိမှာ ထုတ်လုပ်မှုအနေနဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများရဲ့ နေ့စဉ်ဆည်ရေဝင်ရောက်မှု၊ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများရဲ့ ဓာတ်ငွေ့ရရှိမှု စသည်တို့အပေါ်မူတည်ပြီး အတိုး၊ အလျော့နဲ့ ပျမ်းမျှ ၃,၀၃၄ မဂ္ဂါဝပ်ခန့်ကို ချိန်ညှိထုတ်လုပ်ပေးလျက်ရှိနေပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်နိုင်မှုအရ ဩဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးကို ၅၁ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းနဲ့ပြည်နယ်များကို ၃၂ ရာခိုင်နှုန်းဖြင့် အချိုးကျသတ်မှတ်ပြီး ဓာတ်အားခွဲဝေ၍ ဖြန့်ဖြူးပေးနေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးက ဓာတ်အား ထုတ်လုပ်မှုရဲ့ တစ်ဝက်ကျော်ကို ရရှိသုံးစွဲနေကြောင်း သိရပါတယ်။ ဓာတ်အားခွဲဝေမှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသအားလုံးကို အများပြည်သူ အုပ်စု(A,B)ခွဲပြီး ၄ နာရီလာ ၄ နာရီပိတ် အလှည့်ကျစနစ်နဲ့ ဓာတ်အားဖြန့်ဖြူး ပေးလျက် ရှိပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ပြန်လည်ဖြည့်ဆည်း ပေးနိုင်ရန် အတွက် မိုင်းခွဲဖျက်ဆီးခံရတဲ့ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တဲ့ ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံရဲ့အရင်းအမြစ်များဖြစ်တဲ့ ရေ၊ နေ၊ လေ စတဲ့ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းစီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

28 Aug

ADVERTISE HERE .