“BBM, BA(EPP), BA(Journalism), BTHM, BEF ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူနေ”
28 Aug
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ၂ဝ၂၅ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သူများအတွက် BBM၊ BA(EPP)၊ BA(Journalism), BTHM၊ BEF ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်လွှာများကို ခေါ်ယူထားကြောင်း သိရပါတယ်။ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် Bachelor of Business Management(BBM)၊ Bachelor of Arts (English for Professional Purposes)၊ Bachelor of Arts (Journalism) BA(Journalism) ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်။ Bachelor of Business Management (BBM) အတွက် သင်တန်းသားဦးရေ ၂၀၀ ဦး၊ Bachelor of Arts (English for Professional Purposes) BA(EPP) အတွက် ၁၂၀ ဦး၊ Bachelor of Arts (Journalism) BA(Journalism) အတွက် ၁၂၀ ဦး သတ်မှတ်ထားကြောင်း သိရပါတယ်။ အဆိုပါ ဘွဲ့သင်တန်းများဖြစ်သော BBM၊BA(EPP)၊ BA(Journalism), BTHM နှင့် BEF သင်တန်းများသို့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ မည်သူမဆို လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်သို့ ဝင်ခွင့်လျှောက် ထားသူများသည် Online စနစ်ဖြင့် Website Page www.nmdc.edu.mm မှတစ်ဆင့် Online Admission မှ တက္ကသိုလ်ဝင်ခွင့်ကိုနှိပ်၍ တိုက်ရိုက်လျှောက်ထားကြရမည်ဖြစ်ပြီး လျှောက်ထားမည့် သူများသည် မိမိဘာသာတက္ကသိုလ်ဝင်ခွင့်ကိုနှိပ်၍ တိုက်ရိုက်လျှောက်ထားကြရမည်ဖြစ်ပါတယ်။ မိမိ၏ကိုယ်ပိုင် E-mail account ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး (ကျောင်းတွင်လာရောက်လျှောက်ထားလိုပါက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ (၆)ထပ်ပင်မဆောင်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် ရုံးချိန်အတွင်းလာရောက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ လျှောက်လွှာလက်ခံမည့်ရက်မှာ ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိဖြစ်ပြီး လျှောက်ထားသူက မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူသာ ဖြစ်ရပါမယ်။ လျှောက်လွှာ နှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိသော ရမှတ်စာရင်း(မူရင်း) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ(၃)ပုံ ပါရမည်ဖြစ်ပြီး အချက်အလက်များ မှန်ကန်မှုမရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သိရပါတယ်။ အသေးစိတ် သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ၏ ဖုန်း-(၁)၀၁၈-၂၉၂၅၆၆ နှင့် ဖုန်း(၂) ဝ၉၄၄၂ ၅၈၈၄၀၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)