"ဂျပန်နိုင်ငံက မြန်မာ့စီးပွားရေးအတွက် ပံ့ပိုးရန်ချိတ်ဆက်ပေးနေ"
28 Aug
ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုးနိုင်ရန်ချိတ်ဆက်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ဂျပန်နိုင်ငံအခြေစိုက်နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ INGO PEACE ဥက္ကဋ္ဌ မစ္စတာ ဟီရိုယူကီ နာကာဇာဝါ က ဩဂုတ်လ ၂၇ ရက်က ရန်ကုန်မြို့ Lotte Hotel မှာ ပြုလုပ်တဲ့ “Myanmar Human Rights Seminar 2025 ” အခမ်းအနားအပြီး မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက တောင်းဆိုချက်တွေပေါ်မူတည်ပြီး ဂျပန်နိုင်ငံကနေ ပူးပေါင်းဆောင်ရွက် ပေးဖို့ဘက်ပေါင်းစုံ ကူညီမှုတွေချိတ်ဆက်ဖို့အတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ မစ္စတာ ဟီရိုယူကီ နာကာဇာဝါ က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲအပေါ် မြန်မာပြည်သူလူထုက ဒီမိုကရေစီရရှိဖို့ မျှော်လင့်တောင့်တနေပြီး ရွေးကောက်ပွဲကိုတော့ မြန်မာပြည်သူလူထုက ဆုံးဖြတ်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာက သိရှိဖို့ လိုအပ်နေတယ်လို့လည်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏက ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနဲ့လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး စီးပွားရေး ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် ဆင်းရဲဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို လျစ်လျူမရှုသင့် ကြောင်း သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားကို ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဗဟိုဌာန (CPR) ဥက္ကဋ္ဌ ဦးလှမောင်ရွှေနဲ့အဖွဲ့ဝင်တွေ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏနဲ့ အဖွဲ့ဝင်တွေ အခြားအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပါတယ်။(NVS 004)