“ယခုစာသင်နှစ်၌ ကျောင်းပြင်ပပညာရေးတွင် ပညာသင်ကြားသူ ကျောင်းသား/ကျောင်းသူ ပိုမိုများပြား”
27 Aug
ယခုနှစ် ကျောင်းပြင်ပပညာရေးတွင် အခြေခံပညာမူလတန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် ပညာ သင်ကြားသူ ကျောင်းသား/ကျောင်းသူအရေအတွက်သည် ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ သိရပါတယ်။ ကျောင်းပြင်ပရောက်ကလေးများနှင့် ကျောင်းနေအရွယ်လွန်ကလေးများအား ဒုတိယအကြိမ် ပညာသင်ကြားနိုင် မည့်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနမှ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို အကောင်အထည်ဖော်ကာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခုပညာသင်နှစ် ကျောင်းပြင်ပ ပညာရေးမှာ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူဦးရေ ၆,၂၅၀ ဦးရှိကာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုက မြို့နယ်ပေါင်း ၆၅ မြို့နယ်တွင် သင်ကြားပေးလျက်ရှိပြီး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူဦးရေမှာ ၁,၃၉၄ ဦးရှိကာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ငါးခု က မြို့နယ်ပေါင်း ၂၁ မြို့နယ်တွင် သင်ကြားပေးလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ပညာသင်နှစ် ကျောင်းပြင်ပပညာရေးတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူဦးရေ ၄,၃၈၀ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူဦးရေ ၅၅၈ ဦး တက်ရောက်ခဲ့ပြီး ယခုပညာသင်နှစ် ကျောင်းပြင်ပ ပညာရေးမှာတော့ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူဦးရေ ၁,၈၀၀ ကျော်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူဦးရေ ၈၀၀ ကျော် ပိုမိုများပြားလာပါတယ်။ လက်ရှိတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအတွက် စွမ်းဆောင်ရည်ရှိသော ဆရာ၊ ဆရာမများ ဖြစ်ပေါ် လာစေရန် သင်ကြားမှုနည်းစနစ်များ၊ စီမံခန့်ခွဲမှုနှင့် ဘာသာရပ်ဆိုင်ရာများကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှကြီးမှူး၍ သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)