“တရုတ်နိုင်ငံက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၅၇ ခု၏ထိပ်တန်းကုန်သွယ်ဖက်သုံးနိုင်ငံစာရင်းတွင် ပါဝင်လာ”
27 Aug
တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင်ရှိသော နိုင်ငံနှင့်ဒေသစုစုပေါင်း ၁၅၇ ခု၏ ထိပ်တန်းကုန်သွယ်ဖက် သုံးနိုင်ငံစာရင်း၌ ပါဝင်လာကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်ရေးတွင် အဓိကကျသောအခန်းကဏ္ဍမှနေ၍ ခိုင်မာစွာဆက်လက်ဦးဆောင်လျက်ရှိကြောင်း အကောက်ခွန် အဖွဲ့ခေါင်းဆောင် ဆွန်မေဂျွန် က ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ကာလ တွင် ပြည်ပနှင့်ကုန်သွယ်မှုပြုရာ၌ မဟာဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်မှုရရှိသည်သာမက အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုပါ ရရှိထားကြောင်း ဆွန်မေဂျွန် က ဩဂုတ်လ ၂၅ ရက်တွင်လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြော သည်။ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံက ခါးပတ်ကွင်းနှင့်လမ်းကြောင်းမိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ သည် ယွမ် ၂၂ ထရီလီယံအထိ ရရှိကြောင်း၊ ယင်းပမာဏသည် နိုင်ငံ၏ပို့ကုန်၊ သွင်းကုန်ပမာဏ စုစုပေါင်း၏ ထက်ဝက် ကျော်ရှိကြောင်း၊ အာဆီယံအဖွဲ့ကဲ့သို့ ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများနှင့် ကုန်သွယ်မှုသည်လည်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း ကျော် တိုးတက်လာလျက် ရှိကြောင်း ဆွန်မေဂျွန် က ဆက်ပြောသည်။ တရုတ်နိုင်ငံကတင်ပို့သည့်ကုန်ပစ္စည်းများတွင် ပင်မပို့ကုန်အမယ်သစ်သုံးမျိုးဖြစ်သော လျှပ်စစ်စွမ်းအင်သုံး ယာဉ်များ၊ လီသီယံဘက်ထရီများနှင့် ဆိုလာပြားများ တင်ပို့မှုက ၂ ဒသမ ၆ ဆမြင့်မားလာသည်ကို မြင်တွေ့ ရကြောင်း၊ ဆက်လက်၍လည်း တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် တံခါးများကိုဖွင့်ထားဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ သွင်းကုန်ကဏ္ဍတွင်မူ တရုတ်နိုင်ငံ က နိုင်ငံနှင့်ဒေသပေါင်း ၈၁ ခုမှ စိုက်ပျိုးရေး နှင့်စားသောက်ကုန် အမယ်ပေါင်း ၂၇၁ မျိုး ကို တရုတ်နိုင်ငံ၏ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ပြုထားကြောင်း၊ ယခုရရှိသော အောင်မြင်မှုများသည် စီးပွားရေး နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ကတိပြုမှုကို ဖော်ညွှန်းနေခြင်းဖြစ်ကြောင်း CGTN သတင်းဌာန ဖော်ပြချက် အရ သိရ သည်။