“UNFPA အနေနဲ့ လဝက နှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေး”
27 Aug
ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် UNFPA မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Jaime Nadal Roig တို့ သြဂုတ်လ ၂၅ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဉ်လဝကဝန်ကြီးဌာနအနေနဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင် စွာကောက်ယူပြီးစီးမှု၊ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ပြီးစီးမှုနှင့် မကြာမီပြည်ထောင်စုအဆင့်ပင်မအစီရင်ခံစာထုတ်ပြန် နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ လဝကဝန်ကြီးဌာနနှင့် UNFPA တို့ကြား ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအပါအဝင် လူဦးရေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့မှု၊ လက်ရှိအခြေအနေတွင် UNFPA အနေနဲ့ ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ထပ်မံပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာများ အဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီခွင့်ပြုဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေကို UNFPA ရုံးချုပ်သို့ အသိပေးပြောကြားနိုင်ရေးနှင့် UNFPA အနေနဲ့ လာမည့်ကာလများအတွင်း ဝန်ကြီးဌာန နှင့် ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။