“ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အအုံအား ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းမည်”
26 Aug
ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အအုံမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းတွင်တည်ရှိပြီး ရှေးမူမပျက်ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း အခြေ အနေတို့ကို ဩဂုတ်လ ၂၄ ရက် က ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန တို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ ထိုအဆောက်အအုံအား စစ်ဆေးမှုအရ ယခု အဆောက်အအုံသည် ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် (Heritage) အဆောက်အအုံဖြစ်သည့်အတွက် ယခင် အဆောက်အအုံပုံစံအတိုင်း ရှေးမူလက်ရာမပျက်စေဘဲ အရည်အသွေးပြည့်မီစွာ စနစ်တကျ ပြန်လည်ပြုပြင် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ တာဝန်ယူဆောင်ရွက်မည့် အဖွဲ့များအနေဖြင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း စသဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့မှလည်း မှာကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါအဆောက်အအုံဟာ အလျား ၂၉၉ ဒသမ ၆ပေ၊ အနံ ၂၈၈ ပေ ရှိပြီး စတုဂံပုံသဏ္ဍာန် ၃ ထပ် အဆောက်အအုံ ဖြစ်ကြောင်း၊ ၁၉၀၅ ခုနှစ်တွင် တည်ဆောက်၍ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ ထိုစဉ် ကုန်ကျငွေမှာ ရှုပီး ၂ ဒသမ ၄၅ သန်းဖြစ်တယ်လို့ သိရပါတယ်။ ထိုအဆောက်အအုံတွင် ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်၏အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့အစည်း အဆက်ဆက် ရုံးထိုင်၍ အမှုများစစ်ဆေးကြားနာစီရင်ခဲ့ခြင်းကြောင့် သမိုင်းတန်ဖိုးမြင့်မားသည့် ရှေးဟောင်းအဆောက်အအုံ ဖြစ် ကြောင်း၊ ဒါအပြင် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု၏ တရားစီရင်ရေးဥပဒေတို့အရ ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သည် ၂၀၁၁ ခုနှစ်မှ စ၍ ၎င်းအဆောက်အအုံတွင်ပင် ရုံးထိုင်၍ တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ၁၉၉၆ ခုနှစ်တွင် ရှေးဟောင်းလက်ရာအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီး ရန်ကုန်မြို့ပြ အမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ရန်ကုန်မြို့ပြအမွေအနှစ် (Yangon Heritage) အဆောက်အအုံ အဖြစ် အပြာရောင်ကမ္ဗည်းပြား (Blue Plaque)ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် တပ်ဆင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် အဆိုပါအဆောက်အအုံနှင့်စပ်လျဉ်း၍ မူလလက်ရာ မပျက်ယွင်းစေဘဲ ထိန်းသိမ်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်တဲ့အတွက် ရှေးမူလက်ရာအပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS-004)