တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ”အရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး ဩဂုတ်လ ၂၅ ရက်မှစ၍ လာမည့် ၅ ရက်အတွင်း မိုးထစ်ချုန်း ရွာသွန်းနိုင်
26 Aug
တိုင်ဖွန်းမုန်တိုင်း “ကဂျိဂိ”အရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး ဩဂုတ်လ ၂၅ ရက်မှ ဩဂုတ်လ ၂၉ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီအချိန် တွင် အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” (KAJIKI) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တုံကင်ပင်လယ်ပြင်သို့ ရောက်ရှိခဲ့ကာ ဗီယက်နမ်နိုင်ငံ၊ ဗင့်မြို့(Vinh)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၀ မိုင်ခန့်၊ ဒါနန်းမြို့ (Da Nang) ၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရပါတယ်။ မိုး ဇလ၏ ခန့်မှန်းချက်အရ တိုင်ဖွန်းမုန်တိုင်းသည် ဩဂုတ်လ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံ ကမ်းခြေ ဗင့်မြို့ အနီးမှ ဖြတ်ကျော်နိုင်ပြီး နာရီအတွင်း ဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံ အထက်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ကာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” အရှိန် ကြောင့် ဩဂုတ်လ ၂၅ ရက် မှ ၂၉ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသအချို့တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါတာ ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးထားပါတယ်။ (NVS-004)