“ဗဟိုဘဏ်က ပို့ကုန်ရငွေ စာရင်းရှင်းရန် အသိပေး”
26 Aug
မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေတွေ ဝင်ရောက်ပါက မည်သည့်ပို့ကုန် အမျိုးအစားအတွက် ဝင်ရောက်သည်ကို သက်ဆိုင်ရာဘဏ်တွေမှာ အမြန်ဆုံးစာရင်းရှင်းလင်းဖို့ လိုအပ်ကြောင်း ဩဂုတ် လ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗဟိုဘဏ်က ပို့ကုန်တင်ပြီး သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေ ပြန်ဝင် ရောက်တာမရှိတဲ့ ကုမ္ပဏီစာရင်းနဲ့ ပို့ကုန်ကြေညာလွှာ(ED) စာရင်းတွေကို FEMS စနစ်မှာ စိစစ်ချက်အရ ဘဏ်အလိုက် စာရင်းပြုစုပြီး AD လိုင်စင်ရ ဘဏ်တွေကို ပေးပို့ကာ သက်ဆိုင်ရာ ပို့ကုန်ကုမ္ပဏီတွေနဲ့ဆက်သွယ်ပြီး စာရင်းရှင်းလင်းခြင်း ကို နောက်ဆုံးရက် သတ်မှတ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ထိ စာရင်းမရှင်းတဲ့ ကုမ္ပဏီ တွေ စာရင်းကို ပြုစုပြီး သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေပြန်ဝင်ရောက်ဖို့ အကြောင်းကြားခြင်း၊ လိုက်နာမှုမရှိရင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် လက်မှတ်ယာယီပိတ်သိမ်းခြင်းနဲ့ လိုအပ်တာတွေဆောင်ရွက်နိုင်ဖို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပို့ကုန်ရငွေ နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေကို အကြောင်းကြားရမည်ဟု ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်ဝင်ရောက်တာ မရှိတဲ့ ကုမ္ပဏီတွေ၊ ပို့ကုန်ရငွေ ပြန်ဝင်ရောက်ပေမဲ့ ဘဏ် မှာ စာရင်းရှင်းလင်းတာ မရှိတဲ့အတွက် FEMS မှာ လက်ကျန်စာရင်း ပေါ်ပေါက်နေတဲ့ ကုမ္ပဏီတွေ၊ ဆက်သွယ် စာရင်း မရှင်းတဲ့ ကုမ္ပဏီတွေကို အရေးယူနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာရင်းပေးပို့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ သတ်မှတ်ထားတဲ့ နောက်ဆုံးကာလအထိ ပို့ကုန်ရငွေပြန်လည်ပေးသွင်းတာမရှိတဲ့ ကုမ္ပဏီတွေနဲ့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကိုလည်း အမည်မည်း စာရင်းထည့်သွင်းတာကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီအချို့ဟာ ပို့ကုန်ဆိုင်ရာ နောက်ဆုံးအချက်အလက်တွေကို မသိခြင်းနဲ့ ပို့ကုန် လုပ်ငန်းစဉ်တွေနဲ့စပ်လျဉ်း၍ Agent တွေနဲ့ ကုမ္ပဏီရဲ့ဝန်ထမ်းအချို့ကို အလုံးစုံ လွှဲအပ်ထားတဲ့အတွက် မိမိကုမ္ပဏီ အမည် ခံပြီး အခြားကုမ္ပဏီက ပို့ကုန်တင်ပို့ ထားတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် ပို့ကုန်ရငွေဟာ ဘဏ်ကို ဝင်ရောက်ပြီး ဖြစ်ပေမယ့် ဘဏ်နဲ့ စာရင်းရှင်းရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းခြင်းမရှိလို့ သတ်မှတ်ကာလအတွင်း ပို့ကုန်ဝင်ရောက်ဖို့ ကျန်ရှိတဲ့စာရင်းမှာ ပါရှိတဲ့အတွက် ကုမ္ပဏီနဲ့ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကလည်း အရေးယူခံရခြင်းနဲ့ အမည်မည်း စာရင်း ထည့်သွင်းခံရတဲ့ကိစ္စရပ်တွေ ပြုလုပ်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒါကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ကာလဖြစ်တဲ့ အာရှနိုင်ငံတွေကို ပို့ကုန်တင်ပိုရင် ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပနိုင်ငံတွေကို တင်ပို့ရင် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမှာဖြစ်ပြီး ဘယ် ပို့ကုန်ကြေညာလွှာ(ED)အတွက် ပို့ကုန်ရငွေဖြစ်ကြောင်း ဘဏ်တွေမှာ သွားရောက်ပြီး အမြန်ဆုံး စာရင်း ရှင်းလင်းဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ (NVS-004)