“ပြည်တွင်းမှထွက်ရှိမည့် Hass ထောပတ်သီးများကို စင်ကာပူနှင့်ထိုင်းနိုင်ငံတို့ကို အဓိကထားတင်ပို့မည်”
25 Aug
ယခုနှစ်တွင်ပြည်တွင်းမှ ထွက်ရှိမည့်အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ကို အဓိကထားတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ ပြည်တွင်း၌ Hass ထောပတ်သီးစိုက်ဧကပေါင်း ၂၀,၀၀၀ ခန့်ရှိပြီး စက်တင်ဘာလမှ ဒီဇင်ဘာအတွင်း နှစ်စဉ် Hass ထောပတ်သီးများလှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်းတင်ပို့လျက်ရှိပါတယ်။ မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ထောပတ်သီးများတင်ပို့ရာတွင် Hass ထောပတ်သီးများအပြင် Buccaneer၊ 034 Booth 7 နှင့် အမရာ အစရှိတဲ့ ထောပတ်သီးမျိုးများကိုလည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ထောပတ်သီးရာသီတွင် အရည်အသွေးမြင့် Hass ထောပတ်သီးတန်ချိန် ၃,၀၀၀ ခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်မှာ ယခင်နှစ်ထက် တန်ချိန်ပိုမိုထွက်ရှိရန် မျှော်မှန်းထားကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချသွားမှာဖြစ်ပါတယ်။ လက်ရှိတွင် ပြည်တွင်းစားသုံးမှုအနေနှင့်အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထောပတ်သီးများနှင့် Buccaneer ထောပတ်သီးများကို ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများက အဓိကထားစားသုံးကြသဖြင့် နှစ်စဉ် အမြောက်အမြားတင်ပို့ရောင်းချနေရပါတယ်။ အဆိုပါ Hass ထောပတ်သီးများကို စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသလို တရုတ်နိုင်ငံ ကိုလည်း မြန်မာ့ထောပတ်သီးအများအပြား တရားဝင်တင်ပို့နိုင်အောင် GACC လက်မှတ်ရရှိရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနနဲ့မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS-004)