“အပူပိုင်းမုန်တိုင်း ကဂျိကိ ပိုမိုအားကောင်းလာသည့်အတွက် ဗီယက်နမ် က ပြည်သူခြောက်သိန်းနီးပါးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် စီစဉ်”

25 Aug

တောင်တရုတ်ပင်လယ်ပြင်၌ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ကဂျိကိသည် ဩဂုတ်လ ၂၄ ရက်တွင် ပိုမို အားကောင်းလာသည့်အတွက် ဗီယက်နမ်တာဝန်ရှိသူများက မုန်တိုင်းဖြတ်ကျော်နိုင်သောလမ်းကြောင်းပေါ်ရှိ ပြည်သူ ခြောက်သိန်းနီးပါး ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးရန် စီစဉ်နေကြောင်း သိရသည်။ မွန်းလွဲပိုင်းအချိန် တိုင်းတာချက် များအရ ကဂျိကိ မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်းကမ်းရိုးတန်းမှ ကီလိုမီတာ ၅၀၀ ခန့်အကွာတွင် တည်ရှိကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၄၉ ကီလိုမီတာရှိသည့်အပြင် တစ်နာရီလျှင် ၂၀ ကီလိုမီတာနှုန်းဖြင့် အနောက်ဘက်သို့ဦးတည်ရွေ့လျားလာနေကြောင်း ဗီယက်နမ်အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ ထိုမုန်တိုင်းသည် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည့်အတွက် မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်းတစ်လျှောက်ရှိ ပြည်နယ်လေးခုမှ ပြည်သူခြောက်သိန်းနီးပါးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် တာဝန်ရှိသူများက စီစဉ်နေခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားသည်။ အပူပိုင်းမုန်တိုင်း ကဂျိကိသည် ဗီယက်နမ်နိုင်ငံသို့မဝင်ရောက်မီ တရုတ်နိုင်ငံရှိ ဟိုင်နန်ကျွန်းကို ဦးစွာ ဝင်ရောက်မည်ဖြစ်သည့်အတွက် တရုတ်တာဝန်ရှိသူများက ဆန်းယမြို့ကို အနီရောင်အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ပြင် မုန်တိုင်း၏အရှိန်ကြောင့် ဟိုင်နန်ကျွန်း၊ ကွမ်တုံပြည်နယ်၊ ကွမ်ရှီးပြည်နယ်တို့၌ မိုးရေချိန် ၄၀၀ မီလီမီတာအထိရှိသည့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပွားသည်။ အဆိုပါမုန်တိုင်း တိုက်ခတ်မည့်အခြေအနေကြောင့် ဒေသတွင်းရှိ စာသင်ကျောင်းများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များကို ဩဂုတ်လ ၂၄ ရက်မှစတင်၍ ပိတ်ထားရပြီး လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းထားရကြောင်း The Straits Times သတင်းဌာန ဖော်ပြချက်အရ သိရသည်။

25 Aug

ADVERTISE HERE .