“အစ္စရေးက ဂါဇာမြို့ရှိ ဆင်ခြေဖုံးဒေသများကို လေယာဉ်နှင့်တင့်များသုံး၍ ပြင်းထန်စွာတိုက်ခိုက်မှုပြုလုပ်”
25 Aug
အစ္စရေးစစ်ဘက်က ဂါဇာမြို့၏အရှေ့ပိုင်းနှင့်မြောက်ပိုင်းရှိ ဆင်ခြေဖုံးဒေသများကို လေယာဉ်များ၊ တင့်များ အသုံးပြု၍ ပြင်းထန်စွာတိုက်ခိုက်မှုပြုလုပ်ကြောင်း သိရသည်။ ဩဂုတ်လ ၂၃ ရက်ညပိုင်းမှစ၍ ၂၄ ရက်အထိ လုပ်ဆောင်သော အဆိုပါတိုက်ခိုက်မှုအတွင်း အဆောက်အအုံများနှင့် နေအိမ်များစွာ ပျက်စီးရကြောင်း ဒေသခံများက ပြောသည်။ အစ္စရေးအစိုးရက ဂါဇာမြို့ကိုသိမ်းပိုက်နိုင်ရေးစီစဉ်ထားကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြီးနောက် ယခုကဲ့သို့ ပြင်းထန်လှသည့် တိုက်ခိုက်မှုများကို လုပ်ဆောင်လာ ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အစ္စရေးစစ်သည်များသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှာပင် ဂျာဘာလီယာဒေသ၌ စစ်ဆင်ရေးများကို ပြန်လည်စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ရန်သူများအသုံးပြုလျက်ရှိသည့် လိုဏ်ခေါင်း ကွန်ရက်များကိုဖျက်ဆီးပြီး ထိုဒေသကို ခိုင်မာစွာထိန်းချုပ်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် ယင်းဒေသအတွင်းလုပ်ဆောင်နေသည့် စစ်ဆင်ရေးများသည် ဂါဇာမြို့ရှိ အခြား ဒေသများသို့ပါ အောင်မြေချဲ့ထွင်နိုင်စေမည်ဖြစ်ပြီး ဟားမက်အဖွဲ့အနေဖြင့် ထိုဒေသများသို့ပြန်လာပြီး စစ်ဆင်ရေး လုပ်ဆောင်မှုကို တားမြစ်နိုင်စေမည်ဖြစ်ကြောင်း အစ္စရေးစစ်ဘက်၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အလားတူ အစ္စရေးစစ်ဘက်အနေဖြင့် ဟားမက်အဖွဲ့အပေါ် ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ကာ ဖိအားပေးသွားမည်ဖြစ်ကြောင်း၊ ဟားမက်အဖွဲ့က အစ္စရေး၏လိုလားချက်များအတိုင်း စစ်ပွဲကိုအဆုံးသတ်ပြီး ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးမှသာ ဂါဇာမြို့အပေါ်တိုက်ခိုက်မှုကို ရပ်တန့်မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောထားသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။