"ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ပံ့ပိုးကူညီရန်အဆင်သင့်ရှိကြောင်း ဒေါက်တာဝါဝါမောင်ပြော"
25 Aug
မြန်မာအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် ပံ့ပိုးကူညီဖို့ အဆင်သင့်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောပါတယ်။ ဩဂုတ်လ ၂၄ ရက်က နေပြည်တော်ရှိ M Gallery ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များ အသင်း(CECCM)၏ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း(CSR)အစီရင်ခံစာ ၂၀၂၅ မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာပြည်သူလူထုအတွက် တန်ဖိုးရှိတဲ့ ပတ်ဝန်းကျင်ကောင်းကို ဆက်လက်ပံ့ပိုးကြမယ်လို့ ယုံကြည်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ရှစ်နှစ်အတွင်း CSR Project ပေါင်း ၁၆၀ ကျော်ကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုက လူဦးရေစုစုပေါင်း ၄၂၀,၀၀၀ ကျော်ကို အကျိုးပြုနိုင်ခဲ့တယ်လို့သိရပါတယ်။ အခုအစီရင်ခံစာမှာ ဖော်ပြထားတဲ့ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင်ဖန်တီးမှုတွေ အပြင် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆောင်ရွက်ချက်တွေဟာ နိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်လို့ ဒေါက်ဝာာဝါဝါမောင်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားမှာ စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး၊ မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံတည်ဆောက်ဖို့အတွက် မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးနဲ့ တရုတ်ကုမ္ပဏီများအသင်းတို့ပူးပေါင်းပြီး စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၃,၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ (NVS 004)