“ဆီးချို၊ သွေးတိုး နှင့် အခြားမကူးစက်နိုင်သော ရောဂါများ ကုသမှုဆေးဝါးများကိုလည်း အခမဲ့ပံ့ပိုးပေးလျက်ရှိ”

25 Aug

နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ်လျော့နည်း သက်သာစေရန် ဆီးချို၊ သွေးတိုးနှင့် အခြားမကူးစက်နိုင်သောရောဂါများ ကုသမှုဆေးဝါးများကို အခမဲ့ပံ့ပိုးပေးလျက်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါ‌မောက္ခဒေါက်တာ သက်ခိုင်ဝင်း က ဒုတိယအကြိမ်မြောက် ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါပညာအဖွဲ့ နိုင်ငံတကာဆေးပညာညီလာခံဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲမှာ ဆီးချိုနှင့်သွေးတိုးရောဂါများကို စောစီးစွာစစ်ဆေးနိုင်ပြီး အချိန်မီကုသနိုင်ရန်အတွက် ကျန်းမာရေးဌာနများမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးဆောင်ရွက်ပေးနေကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ပါတယ်။ ဆီးချိုသွေးချို နှင့် ဟော်မုန်းရောဂါဆိုင်ရာ ဆေးပညာရှင်များကို ပြည်တွင်း၌ နှစ်စဉ်တိုးမြှင့် လေ့ကျင့်မွေးထုတ် လျက်ရှိတဲ့အပြင် ပြည်ပ၌ လေ့လာသင်ကြားမှုများကိုလည်း ခွင့်ပြုပံ့ပိုးပေးလျက်ရှိကြောင်း၊ အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်ကာ ဆီးချိုနှင့် ဟော်မုန်းရောဂါကုသမှုများအတွက် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မျိုးဆက်သစ်ဆေး ပညာရှင်များအား ဆေးပညာအသိဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ ညီလာခံကို ဩဂုတ်လ ၂၃ ရက်မှ ၂၄ ရက်အထိ "ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုသမှုများမြှင့်တင်ခြင်း" (Advancing Care in Diabetes and Endocrinology) ခေါင်းစဉ်နဲ့ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဆေးပညာရှင်များ သာမက ဩစတြီးယား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ဆေးပညာရှင် ၁၄ ဦးက Speaker အဖြစ် ပါဝင်ဆွေးနွေးကြမည်ဖြစ်ရာ ပြည်တွင်းပြည်ပမှပညာရှင် ၄၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

25 Aug

ADVERTISE HERE .