နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ရုရှားနှင့်တိုက်ရိုက်ဆွေးနွေးရန် ယူကရိန်းအသင့်ရှိ

24 Aug

ယူကရိန်းနိုင်ငံသည် နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ပြင် လက်ရှိနှစ်နိုင်ငံကြား ရင်ဆိုင်ထားသည့် ရှေ့တန်းနေရာများသည် ယူကရိန်းသမ္မတ ဇီလန်စကီ နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့ကြား ညှိနှိုင်းဆွေးနွေးမှုများအတွက် စမှတ်များဖြစ်သင့်ကြောင်း ၎င်းက ဆက် ပြောသည်။ “ကျွန်တော်တို့ရဲ့သမ္မတ ဇီလန်စကီ က ရုရှားသမ္မတ ပူတင် နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလုပ်ဖို့အတွက် အသင့် ရှိနေတယ်လို့ ရှင်းလင်းစွာပြောခဲ့ပြီးပါပြီ။ နယ်မြေပိုင်ဆိုင်မှုအရေးနဲ့ပတ်သက်ပြီး စတင်ဆွေးနွေးမယ်ဆိုရင်တော့ လက်ရှိရင်ဆိုင်ထားတဲ့ နေရာတွေကနေသာ စတင်ဆွေးနွေးသင့်ပါတယ်”ဟု NBC News သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပထမလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျီကီစလစ်ဆာ က ပြောထားခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက် ရရှိစေရေးနှင့်ပတ်သက်၍လည်း အမေရိကန် တာဝန်ရှိသူများက သဘောတူညီချက်မူကြမ်းကို ရေးဆွဲရန်ကြိုးစားနေကြောင်း၊ ထိုမူကြမ်းသည် လာမည့်သီတင်းပတ် အစောပိုင်းတွင် ထွက်ပေါ်လာနိုင်ကြောင်း၊ ယင်းနောက်တွင် နိုင်ငံ့ခေါင်းဆောင်များက ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ဥရောပနိုင်ငံများက ယူကရိန်းနိုင်ငံကို လုံခြုံရေးအာမခံချက်များရရှိစေရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါအာမခံချက်နှင့်ပတ်သက်၍ အမေရိကန်က အလုံးစုံထိန်းချုပ်သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ၎င်းက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ ရုရှားကမူ ယူကရိန်းနိုင်ငံအတွင်း ပြည်ပတပ်ဖွဲ့များ ဝင်ရောက် နေရာယူလာနိုင်မှုကို ကန့်ကွက်ထားကြောင်းသိရသည်။

24 Aug

ADVERTISE HERE .