အပူပိုင်းမုန်တိုင်း ကဂျိကိ (Kajiki)ကြောင့် တိုင်းနဲ့ပြည်နယ်အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်

24 Aug

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ပိုမိုအားကောင်းလာခဲ့သော လေဖိအားနည်းရပ်ဝန်းက အားကောင်းသော အပူပိုင်းမုန်တိုင်းအဆင့်မှ တိုင်ဖုန်းမုန်တိုင်း ကဂျိကိ(Kajiki) အဖြစ်သို့ ရောက်ရှိခဲ့ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ တိုင်ဖုန်းမုန်တိုင်း ကဂျိကိ ဟာ ဩဂုတ်လ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်းနှင့် လာအိုနိုင်ငံ အထက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားပါတယ်။ တိုင်ဖုန်းမုန်တိုင်း ကဂျိကိ(Kajiki)ဖြစ်ပေါ်မှုကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက် ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားရှိပါတယ်။

24 Aug

ADVERTISE HERE .