လီဗာပူးလ်ကစားသမား အီလီယော့ ကိုခေါ်ယူရန် လိုက်ပ်ဇစ်အသင်း သဘောတူညီမှုရရှိ
23 Aug
လိုက်ပ်ဇစ်အသင်းက လီဗာပူးလ်အသင်းမှ အသက် ၂၂ နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမား အီလီယော့ ကို အသင်းမှထွက်ခွာမည့် ဆိုင်မွန် ရဲ့နေရာမှာ အစားထိုးရန်အတွက် ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ ပုဂ္ဂိုလ်ရေးသဘောတူ ညီမှု ရခဲ့ပါတယ်။ လက်ရှိတွင် လိုက်ပ်ဇစ်အသင်းက တိုက်စစ်ပိုင်းမှ ဆက်ကို ကို မန်ယူအသင်းသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ရတဲ့အပြင် ဆိုင်မွန် ကလည်း ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန်သေချာနေတာကြောင့် လိုက်ပ်ဇစ်အသင်းက ဆိုင်မွန် ရဲ့နေရာမှာ အီလီယော့ နဲ့အစားထိုးရန် ဆုံးဖြတ်ခဲ့ပြီး ကစားသမားနဲ့ အကြိုသဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ကစားသမား ဆိုင်မွန် အနေနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ အဖွင့်ပွဲစဉ် ကစားအပြီးတွင် ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့မှာဖြစ်လို့ လိုက်ပ်ဇစ်အသင်းက အီလီယော့ ကို အမြန်ဆုံး ခေါ်ယူ လိုနေတာဖြစ်ပါတယ်။ သို့သော်လည်း လီဗာပူးအသင်းက ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅၀ ထိ တောင်းဆိုထားကြောင်း သိရပါတယ်။ အီလီယော့ ဟာ ၂၀၁၉ ခုနှစ်မှာ ဖူလ်ဟမ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး နည်းပြ ကလော့ လက်ထက်နဲ့ လက်ရှိနည်းပြ အာနီစလော့ တို့ လက်အောက်တွင် ပုံစံကောင်းများ ပြသနိုင်ခဲ့လို့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၄၈ ပွဲထိ ပါဝင်ကစားခဲ့ရတဲ့ အပြင် ယခုနှစ် ယူ-၂၁ ယူရိုပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းကို ချန်ပီယံဆုရရှိအောင် အဓိကနေရာမှ ပါဝင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းက လီဗာပူးလ်အသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကိုပေးချေရန် ဆန္ဒရှိနေပြီး ဆိုင်မွန် နဲ့ ချဲလ်ဆီးအသင်းတို့ အပြောင်းအရွှေ့အပြီးသတ်ခဲ့ပါက အီလီယော့ ကိုခေါ်ယူရန် နောက်ဆုံးဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။(NVS 008)