“မဟာဆဒ္ဒန်လိုဏ်ဂူတော်သဘာဝခရီးစဉ်ဒေသကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်”

22 Aug

ဘားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာအနီးမှာရှိတဲ့ မဟာဆဒ္ဒန်လိုဏ်ဂူတော်သဘာဝခရီးစဉ်ဒေသကို ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်လျက်ရှိနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။ လက်ရှိတွင် မဟာဆဒ္ဒန်လိုဏ်ဂူတော်သဘာဝခရီးစဉ်ဒေသကို ခရီးသွားဧည့်သည်များ ဆွဲဆောင်စေနိုင်တဲ့ ခရီးစဉ် တစ်ခုအဖြစ် ရေရှည်တည်တံ့စေရန်နှင့် သဘာဝထိခိုက်မှုမရှိစေဘဲ လိုဏ်ဂူတော်ကို ထိန်းသိမ်းနိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိနေပါတယ်။ အဆိုပါ ဒေသရှိ ဈေးဆိုင်ခန်းများကိုလည်း သန့်ရှင်းသပ်ရပ်စွာ စနစ်တကျရှိစေဖို့ လုပ်ဆောင်လျက်ရှိပြီး ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ ရွှေတော၊ ကော့သခါ၊ ကော့ဝါဆူ၊ ဆဒ္ဒန်ဂူ၊ ရွှေပြည်တောင်လမ်းပိုင်းလမ်းများ ပျက်စီးမှုကိုလည်း အမြန်ဆုံးပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်တွေအနေနဲ့ မဟာဆဒ္ဒန်လိုဏ်ဂူတော်အတွင်းမှာ ရှေးဟောင်း လျောင်းတော်မူဘုရား၊ ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနဲ့ များစွာတူညီတဲ့ ထူးဆန်းသဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တွေ၊ အံ့ဖွယ်နေရာများဖြစ်တဲ့ ကျောက်သွေးတွင်း၊ ကြယ်ရောင်တောက်တဲ့စိန်တောင်ကြီး၊ လွှသဏ္ဌာန်နဲ့ တူသည့် သဘာဝကျောက်တောင်ကြီး၊ မုဆိုးမြားပေါက်၊ သမီးတော်စံမြန်းသောဂူ၊ ကျောက်အူခွေ၊ စပါးကျီတောင်၊ မုဆိုး ခမောက်၊ ဆင်တိုင်၊ လက်ရေးစင်အုတ်ချပ်တွေ၊ ကျောက်ကပ် အုတ်ခွက်ဘုရားတွေနဲ့ လွမ်းစေတီများကို ဖူးမြော်ကြည်ညို နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့တဲ့ ဆဒ္ဒန်အိုင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဘေးမဲ့ရေအိုင်ကနေတစ်ဆင့် အပျော်စီး စက်တပ်လှေငယ်များနဲ့ သဘာဝရေလျှံကွင်းကိုပတ်ပြီး စိမ်းစိုသာယာလှပတဲ့ သဘာဝအလှအပတွေကိုလည်း ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

22 Aug

ADVERTISE HERE .