“အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ က နိုင်ငံတကာရာဇဝတ်ခုံရုံးမှ နောက်ထပ်အရာရှိလေးဦးအား ပိတ်ဆို့အရေးယူ”

22 Aug

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ က သည်ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံးမှ နောက်ထပ် အရာရှိလေးဦးအား ပိတ်ဆို့အရေးယူမှုများပြုလုပ်ကြောင်း ကြေညာသည်။ အဆိုပါ တရားသူကြီးနှစ်ဦးနှင့် အစိုးရ ရှေ့နေနှစ်ဦးတို့၏ အမေရိကန်ပြည်ထောင်စုတွင်ရှိသော ၎င်းတို့၏ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းအပါအဝင် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဩဂုတ်လ ၂၀ ရက်တွင် ပြောကြားသည်။ ပြီးခဲ့သည့်နိုဝင်ဘာလတွင် နိုင်ငံတကာရာဇဝတ်ခုံရုံးက ဂါဇာကမ်းမြောင်အရေးနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ယို့ဗ်ဂေါလန့် တို့ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ ယင်းသို့ ဖမ်းဝရမ်းထုတ်ခြင်းကြောင့် အထက်ပါအရာရှိလေးဦးအနက် သုံးဦးအား ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူ အာဖဂန်နစ္စတန်ရှိ အမေရိကန်ဝန်ထမ်းများအား နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးရန် ခွင့်ပြုခဲ့သည့်အတွက် ကျန်တစ်ဦးကို ဒဏ်ခတ်အရေးယူခြင်း ဖြစ်သည်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ လုပ်ရပ်များသည် အမေရိကန်နှင့်အစ္စရေးနှစ်နိုင်ငံတို့အပေါ် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက ဝေဖန်ပြောကြားသည်။ ဖေဖော်ဝါရီလတွင် သမ္မတဒေါ်နယ်ထရမ့် က နိုင်ငံတကာ ရာဇဝတ် ခုံရုံးကို ပိတ်ဆို့အရေးယူရန် ခွင့်ပြုသည့်အမိန့်စာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် ဂျပန်နှင့်ပါလက်စတိုင်းတို့အပါအဝင် အဖွဲ့ဝင် ၁၂၅ နိုင်ငံရှိသော်လည်း အမေရိကန်နှင့်အစ္စရေးတို့က အဖွဲ့ဝင်နိုင်ငံများ မဟုတ်ပေ။ ဂျပန်တရားသူကြီး အန်ကာနီတိုမိုကို သည် ရာဇဝတ်ခုံရုံး၏ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

22 Aug

ADVERTISE HERE .