“မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ မိုးရွာမည်”
22 Aug
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ ရက်သတ္တပတ်ခန့်မိုးရွာမည်ဖြစ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အဆိုပါမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ ၈ ရက်မှ ၁၀ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့မှာ ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ ၁ ပေခန့်စီ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့မှာ ၂ ပေမှ ၃ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း ဖော်ပြထားပါတယ်။ အလားတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၁ ပေခွဲမှ ၃ ပေခွဲခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့ နှင့် မုံရွာမြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း၊ မြစ်သာမြစ်ရေက ကလေးမြို့မှာ ပေဝက်ခန့်၊ စစ်တောင်း မြစ်ရေက တောင်ငူမြို့တွင် ၁ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၁ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရပါတယ်။ (NVS 004)