“အခြားသူ အကူအညီမပါဘဲ မသန်စွမ်းသူများ အီလက်ထရောနစ် မဲပေးစက်တွင် မဲပေးနိုင်”

22 Aug

မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးခြင်းအားဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ မသန်စွမ်းသူများ ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းကို ဩဂုတ်လ ၂၀ ရက်က နေပြည်တော်တွင် လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းသူများ၊ အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ(Braille)ကို အခြေခံတဲ့ မြန်မာအီလက်ထရောနစ် မဲပေးစက်ကို တီထွင်ပြုလုပ်ပေးမှုက အားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားပေးရာရောက်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြော ကြားခဲ့ပါတယ်။ မျက်မမြင်လက်စမ်းစာ (Braille) မတတ်ကျွမ်းသည့် အမြင်အာရုံမသန်စွမ်းသူများ အပါအဝင် ကိုယ်အင်္ဂါ မသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူများအနေနဲ့ ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင်ရွေးချယ်တဲ့ အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းလည်း သိရပါတယ်။ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းသူအားလုံး တက်တက်ကြွကြွပါဝင်ဆန္ဒမဲပေးရန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အပါအဝင် တက်ရောက်လာသော မသန်စွမ်းကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်၌ စတင်ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပါတယ်။ (NVS 004)

22 Aug

ADVERTISE HERE .