“ညောင်ဦးမြို့နယ်၌ ထန်းတောင်သူလုပ်ငန်း ပြန်လည်လုပ်ကိုင်သူများပြား”
21 Aug
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းတောင်သူများအနေနဲ့ ထန်းတောင်သူလုပ်ငန်း ပြန်လည် လုပ်ကိုင်မှုတွင် မနှစ်ကထက် ပိုများပြားလာကြောင်း သိရပါတယ်။ ညောင်ဦးမြို့နယ်တွင် ထန်းပင်၊ ထန်းတောအလွန်ပေါများသည့် ဒေသဖြစ်ကာ ထန်းတက်လုပ်ငန်းလုပ်ကိုင်သည့် ထန်းတောင်သူအများအပြား လုပ်ကိုင်ခဲ့ရာမှ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ထန်းတက်လုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာခဲ့ ခြင်းနှင့်အတူ ထန်းလျက်ဈေးနှုန်းလည်း ကျဆင်းလာခဲ့ပါတယ်။ ထန်းတောင်သူလုပ်ငန်းလုပ်ကိုင်ရာတွင် ထန်းရာသီမစတင်မီကပင် ထန်းဆွဲမြူအိုး၊ ကြိုး၊ ရင်းထောင်၊ ရင်းဆွဲ၊ ထန်းလှီးအိမ်၊ ထန်းလှီးဓား၊ ထန်းလျက်ချက်ရန် မိုးပြဲဒယ်၊ ထန်းလျက်ဖို၊ ထန်းလျက်ဖိုပြုလုပ်ရန် မြေနီမြေစေး၊ ထန်းလျက်ချက်လောင်စာဖြစ်သည့် ထန်းဖတ်၊ ထန်းလက်နှင့် ပဲစင်းငုံရိုးများအား ကြိုတင်စုဆောင်းထားကြရတာ ဖြစ်ပါတယ်။ ထန်းလျက် စတင်ပေါ်ချိန်တွင် ထန်းလျက်တစ်ပိဿာလျှင် ငွေကျပ် ၇,၀၀၀ အထိရောင်းချခဲ့ရပြီး ထန်းလျက်လှိုင် လှိုင်ပေါ်ချိန်မှာတော့ တစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀ ဖြင့် ရောင်းချခဲ့ရပါတယ်။ ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်မှ စတင်ကာ ထန်းလျက် တစ်ပိဿာလျှင် ငွေကျပ် ၆,၀၀၀ ဖြင့် ရောင်းချနေရကြောင်း သိရပါတယ်။ (NVS-004)