“နောင်ချိုမြို့မှ ထပ်ဆင့်ထုတ်လွှင့်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ပြန်လည်ထုတ်လွှင့်”
21 Aug
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကြောင့် နောင်ချို မြို့မှ DVB T2 စနစ်ဖြင့် ထပ်ဆင့်ထုတ်လွှင့်ပေးသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) အစီအစဉ်များကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှစတင်ပြီး ယာယီရပ်နားထားခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြန်လည် ထုတ်လွှင့်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နောင်ချိုထပ်ဆင့်လွှင့်စက်ရုံမှ DVB T2 စနစ်ဖြင့် ပြန်လည်ထုတ်လွှင့်နိုင်ရန် အတွက် နေပြည်တော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စက်မှုဌာနခွဲမှ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့မှ ဩဂုတ်လ ၁၇ ရက်တွင် ထိခိုက်ပျက်စီးခဲ့သည့် ထုတ်လွှင့်ရေးတာဝါတိုင်၊ ထုတ်လွှင့်ရေးအင်တီနာနှင့် High Frequency Feeder Cable တို့အား ကြိုးပမ်းပြုပြင်ခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ လွှင့်စက်နှင့် ဆက်စပ်ပစ္စည်းများအား အစားထိုးတပ်ဆင်ခြင်းများကို ဦးစားပေးစီစဉ် ဆောင်ရွက်ခဲ့ကြပါတယ်။ လက်ရှိတွင် မြန်မာ့အသံရေဒီယိုနှင့် FM အစီအစဉ်များ ပြန်လည်ထုတ်လွှင့်နိုင်ရေးအတွက် ဆက်လက်ပြုပြင် လျက်ရှိပြီး စက်ရုံအဆောက်အအုံနှင့် အုတ်တံတိုင်းပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်လျက်ရှိနေပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောအစီအစဉ်များကို DTH စနစ်ဖြင့်လည်း နိုင်ငံတစ်ဝန်းသို့ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိ ပါတယ်။ (NVS-004)