“ဟားမတ်စ် က အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို အတည်ပြုသော်လည်း အစ္စရေးအစိုးရက တုံ့ပြန်ခြင်း မရှိသေး”
21 Aug
ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၀ ဦးလွှတ်ပေးရန် ပါဝင်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အတည်ပြု ခဲ့သော်လည်း အစ္စရေးအစိုးရက မည်သည့်တုံ့ပြန်မှုမျှ လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။ အဆိုပြုချက်ကို အီဂျစ်နှင့်ကာတာတို့က ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခ အဆုံးသတ် ရန် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန်ပါဝင်ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။ ဟားမတ်စ် အဖွဲ့ထံမှ အပြုသဘောဆောင်သောတုံ့ပြန်မှုကို လက်ခံရရှိသော်လည်း အစ္စရေး၏တုံ့ပြန်မှုကို စောင့်မျှော်နေဆဲ ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက်အယ်လ်အန်ဆာရီက ပြောကြားသည်။ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ပါက ပိုမိုဆိုးရွားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကပ်ဘေးသို့ ဦးတည်သွားနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။ အစ္စရေးအစိုးရသည် ဖမ်းဆီး ထားသည့် ဓားစာခံအားလုံးကို တစ်ပြိုင်နက်တည်းလွှတ်ပေးရန် ဆက်လက်တောင်းဆိုနေကြောင်း အစ္စရေးမီဒီယာက ဖော်ပြသည်။ ဟားမတ်စ်က ဓားစာခံ ၅၀ ကို ဖမ်းဆီးထားကြောင်း အစ္စရေးက ပြောကြားသည်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့များက ဂါဇာကမ်းမြောင်၌ စစ်ဆင်ရေးဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ အီယယ်ဇက်မားက အစ္စရေးအနေဖြင့် ဟားမတ်စ်ကို ပြတ်ပြတ်သားသား ရှုံးနိမ့်သည်အထိ ၎င်း၏ စစ်ရေးလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။