“ယူကရိန်းပဋိပက္ခကို ပြေလည်စေရန် အချိန်ယူရမည်ဖြစ်ကြောင်း အမေရိကန်နားလည်ထားဟုဆို”
21 Aug
ယူကရိန်းပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းနိုင်ရေးသည် အလွယ်တကူပြီးစီးနိုင်သည့်ကိစ္စမဟုတ်ကြောင်း၊ အချိန်ယူရမည့်ကိစ္စတစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရကနားလည်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ သံတမန်ကျင့်ဝတ်ရေးရာ အကြံပေးအကြီးအကဲ မိုနီကာခရော်လီကပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့်ရုရှားသမ္မတဗလာဒီမာပူတင်တို့အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်တွင်လုပ်ဆောင်ခဲ့သော တွေ့ဆုံဆွေးနွေးမှု သည် အလွန်ပင်အပြုသဘောဆောင်သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း၊ အလားတူ မကြာသေးမီက လုပ်ဆောင်ခဲ့ သည့် ထရမ့်နှင့်ယူကရိန်းသမ္မတဇလန်းစကီးအပြင် ဥရောပမှခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကြီးမားသည့်အလှည့်အပြောင်းတစ်ခု ဖြစ်ကြောင်း မိုနီကာ ခရော်လီက ဆက်ပြော သည်။ အလားတူ လက်ရှိအခြေအနေ၌ ပါဝင်နေသောအဖွဲ့များအားလုံးသည် ငြိမ်းချမ်းရေးရရှိရေးအတွက် စိတ်အား ထက်သန်နေသည်ဟု ယူဆထားကြောင်း၊ သို့သော် ယူကရိန်းပဋိပက္ခပြေလည်စေရေးသည် တစ်ညတည်းနှင့် အပြီးသတ် နိုင်သည့် ကိစ္စတစ်ခုမဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံ အနေဖြင့်အရှေ့အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးသည် လုပ်ငန်းစဉ်တစ်ခုသာဖြစ်ကြောင်း မိုနီကာ ခရော်လီ က ပြောထားသည်။ ယူကရိန်းပဋိပက္ခပြေလည်ရေးနှင့်ပတ်သက်၍ ထရမ့်၊ ပူတင်၊ ဇလန်းစကီးတို့ကြား သုံးပွင့်ဆိုင် အစည်းအဝေးမလုပ်ဆောင်မီ ပူတင်နှင့်ဇလန်းစကီးတို့အနေဖြင့် မျက်နှာချင်းဆိုင်ဆွေးနွေးမှုကို ဦးစွာလုပ်ဆောင်သင့် ကြောင်း ထရမ့် က ဩဂုတ်လ ၁၉ ရက် တွင် ပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။