“ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ မပြည့်မီပါက ဥပဒေအရ ဆောင်ရွက်မည်”
21 Aug
နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲမကျင်းပမီရက်ပေါင်း ၉၀ အတွင်း ပါတီမှတ်ပုံတင်ဥပဒေအရ သတ်မှတ် ထားတဲ့ ပါတီဝင်ဦးရေနှင့်ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးမဆောင်ရွက်နိုင်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၂၀ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။ ဩဂုတ်လ ၂၀ ရက်မှာ UEC က ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၂၅)နဲ့ ထုတ်ပြန်အသိပေးထားခြင်း ဖြစ်ပါတယ်။ ယင်းအမိန်အရနိုင်ငံရေးပါတီများအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၅)ပုဒ်မခွဲ (စ)နှင့်(ဇ) တို့အရ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံး တင်ပြရမည့်ရက်ကို စက်တင်ဘာလ ၇ ရက်အဖြစ် သတ်မှတ်ကြောင်းလည်း သိရပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ ပါတီမှတ်ပုံတင်ဥပဒေပုဒ်မ(၅)ပုဒ်မခွဲ(စ)အရ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၅၀,၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင် ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားရှိပါတယ်။ ဒါ့အပြင်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၅)ပုဒ်မခွဲ(ဇ)မှာ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ၌လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏အနည်းဆုံး ၅ မြို့နယ်၌ လည်းကောင်း ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဟု ပြဌာန်းထားပါတယ်။အဆိုပါပြဋ္ဌာန်းချက်များနှင့်အညီ ပါတီများအနေဖြင့် သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်းများကို စက်တင်ဘာလ ၇ ရက် နောက်ဆုံးထားကာ UEC သို့ တင်ပြရမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း ပြည့်မီစွာမဆောင်ရွက် နိုင်ပါက ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ (၁၂) အရ အရေးယူမည်ဟု UEC က သတိပေးကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)