“လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် ရက်များထုတ်ပြန်ကြေညာ”

21 Aug

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်တင်သွင်းရမည့်ရက်ကို ဩဂုတ်လ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်‌ကြေညာထားပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုတ်သိမ်းလိုက ရုတ်သိမ်းနိုင်တဲ့ နောက်ဆုံးနေ့ရက်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ခြင်းရက်များကိုပါ သတ်မှတ်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်တဲ့ နေ့ရက်ကို စက်တင်ဘာလ ၈ ရက်အဖြစ် သတ်မှတ်ထားပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုတ်သိမ်းလိုက ရုတ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်ကို စက်တင်ဘာလ ၁၂ ရက် အဖြစ်သတ်မှတ်ထားပါတယ်။ ဒါ့အပြင် PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အမည်စာရင်းတင်သွင်းလွှာကို ရုတ်သိမ်းလိုပါက အစားထိုးပြန်လည်တင်သွင်းရမည့်ရက်နှင့် နောက်ဆုံးနေ့ရက်ကို စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၇ ရက်အထိ သတ်မှတ်ပေးထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာ များကို စိစစ်မည့်နေ့ရက်ကို စက်တင်ဘာလ ၁၈ ရက်မှအောက်တိုဘာလ ၄ ရက်အထိ သတ်မှတ်‌ထားပါတယ်။ လက်ရှိမှာ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမည့် ရွေးကောက်ပွဲရက်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပါတယ်။ (NVS 004)

21 Aug

ADVERTISE HERE .