“ပေါ်ဆန်းမွှေးဆန်ကို နိုင်ငံတကာ တင်ပို့နိုင်သည့် တံဆိပ်ရရှိရေး အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေး”
21 Aug
ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ပေါ်ဆန်းမွှေးဆန်ကို နိုင်ငံတကာတင်ပို့နိုင်တဲ့ အမှတ်တံဆိပ်ရရှိရေး ကြိုးပမ်း ဆောင်ရွက်ဖို့ အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေး အတွက် ဩဂုတ်လ ၁၈ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ Exporter ကုမ္ပဏီများ၊ ဒေသကော်မတီ ဥက္ကဋ္ဌများ၊ မြေဩဇာကုမ္ပဏီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တောင်သူများအပါအဝင် အစိုးရ-ပုဂ္ဂလိကဘက်မှ ၁၅၀ ဦးပါဝင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ပြည်ပသို့ ဆန်တင်ပို့တဲ့ကုမ္ပဏီများအနေနဲ့ တောင်သူလယ်သမားများနှင့် ပူးပေါင်းလျက် ကန်ထရိုက်လယ်ယာကို Export Zone အဖြစ် သတ်မှတ်ဆောင်ရွက်ပေးကြရန်၊ ၎င်းဇုန်များတွင် ပြည်ပတင်ပို့မည့် စပါးမျိုးများကို သတ်မှတ်စိုက်ပျိုးရန်၊ စိုက်ပျိုးမည့် မျိုးလိုအပ်ချက်ကို သက်ဆိုင်ရာဌာနများနှင့် မျိုးစေ့ ထုတ်ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်ပေးရန်၊ Export Zone ကို ကန်ထရိုက်လယ်ယာ SOP များနှင့်အညီ စိုက်ပျိုးထုတ်လုပ် ပေးရန်၊ ပေါ်ဆန်းမွှေးဆန်ကို နိုင်ငံတကာတင်ပို့နိုင်သည့် တံဆိပ်ရရှိရေးနှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ သွင်းအားစုကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ အထွက်နှုန်းတိုးတက်စေရေးစသည့် နည်းလမ်းပေါင်းစုံနဲ့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း MRF ကနေ သိရပါတယ်။ လတ်တလော အခြေအနေအရ နိုင်ငံတကာစျေးကွက်မှာ ဆန်စျေးနှုန်းများ အလွန်ကျဆင်းနေချိန်တွင် စပါးစိုက် တောင်သူများအတွက် သင့်တင့်မျှတသော စပါးစျေးဖြစ်စေရန် ပို့ကုန်တိုးမြှင့်တင်ပို့ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ အမြန်ဆုံးသွားရောက်ပြီး ဆန်တင်ပို့ရောင်းချမှုများ မြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း ပါဝင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ (NVS 004)