“တပ်မတော် က ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့”
20 Aug
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ကို တပ်မတော်စစ်ကြောင်းများက ဩဂုတ်လ ၁၉ ရက်မှာ ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ KNPP၊ KNDF နဲ့ PDF အဖွဲ့တွေက ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ဝင်ရောက်နေရာယူ ကာ တပ်မတော်တပ်စခန်းတွေ လုံခြုံရေးတပ်ဌာနချုပ်တွေကို ဝင်ရောက်တိုက်ခိုက်တဲ့အပြင် လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူတွေ နေရပ်စွန့်ခွာခဲ့ကြရပါတယ်။ ဒီးမော့ဆိုဒေသတစ်ဝိုက်နဲ့ ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တပ်မတော်စစ်ကြောင်းတွေက အခုနှစ် ဩဂုတ်လ ၄ ရက်ကစပြီး ဒီးမော့ဆိုမြို့ရဲ့ မြောက်ဘက်ခြမ်း ရွှေယောက်ရပ်ကွက်အတွင်းရှိ တောင်ငူလမ်းဆုံနဲ့ အရှေ့တောင်ဘက် ပါဒေါဒူရွာ တို့ကစပြီး လက်နက်ကြီးပစ်ကူတွေနဲ့ စနစ်တကျအဆင့်ဆင့် ခြေကုပ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီကနေတစ်ဆင့် မြို့တွင်းရှိ မြေပေါ်မြေအောက်ဘန်ကာတွေ အထပ်မြင့်အဆောက်အဦတွေအပါအဝင် စာသင် ကျောင်း၊ မြို့နယ်ထွေအုပ်ရုံး၊ မီးသတ်တပ်ဖွဲ့နေရာ၊ ဘာသာရေးအဆောက်အအုံနဲ့ ဆေးရုံနေရာတွေကို ခက်ခက်ခဲခဲ အချိန်ယူရှင်းလင်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၇ ရက်မှာ ဒီးမော့ဆိုမြို့ရဲ့ အရှေ့တောင်ဘက်က ပါဒိုးဒူကျေးရွာနဲ့ ရှုးဖယ်ခူ ရပ်ကွက်၊ ဩဂုတ်လ ၁၂ ရက်မှာ ရွှေယောက်ရပ်ကွက်အတွင်းက ဆီဆိုင်နေရာ၊ ဩဂုတ်လ ၁၄ ရက်မှာ မြို့နယ်ရဲစခန်း၊ မီးသတ်၊ မြို့နယ်ပြည်သူ့ဆေးရုံနဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဩဂုတ်လ ၁၅ ရက်မှာ ရွှေယောက်ရပ်ကွက်တစ်ခုလုံးနဲ့ စည်ပင် သာယာရပ်ကွက်ရှိ မြို့နယ်ခန်းမ၊ မြို့မရပ်ကွက်အတွင်းရှိ ချက်ကျောင်းနေရာတွေနဲ့ ဩဂုတ်လ ၁၉ ရက်မှာတော့ ဒီးမော့ဆိုမြို့တစ်ခုလုံးကို တပ်မတော်စစ်ကြောင်းတွေက ပြန်လည်ထိန်းချုပ်နိုင်တာလို့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးကာလ ၁၆ ရက်အတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲကြီး/ငယ် ၂၃ ကြိမ်ဖြစ်ပွားပြီး ရန်သူထံကနေ အလောင်း ၆ လောင်းနဲ့ လက်နက်မျိုးစုံ ၅ လက် သိမ်းဆည်းရမိကာ တပ်မတော်ဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး/ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းတွေက လွိုင်ကော်မြို့ နဲ့ ဒီးမော့ဆိုမြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို အပြီးတိုင်ဆက်လက်ရှင်းလင်းနေပြီး လွိုင်ကော်၊ ဒီးမော့ဆို ဆက်သွယ်ရေးလမ်းမကြီးကို မကြာမီမှာ ပြန်ဖွင့်နိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ကယားပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်/ပိတ်ဆို့ထားတဲ့ မြို့/ရွာ တွေ ဆက်သွယ်ရေးလမ်းကြောင်းတွေကို တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးနဲ့ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးကိုတော့ ဇူလိုင်လ ၃၁ ရက်က ပြန်လည်ထိန်းချုပ်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ (NVS 004)