"နွားများအတွက် အာဟာရထုတ်ကုန်နည်းပညာဖြန့်ဝေပေးနေ"
20 Aug
နွားတွေကို မိုးရာသီပြီး ကာလတွေမှာ ကျွေးမွေးနိုင်ဖို့ တန်ဖိုးမြင့် အာဟာရထုတ်ကုန် မြက်ချဥ်ဖတ် ပြုလုပ်နည်း စနစ်တွေကို လုပ်ဆောင်ပေးနေတယ်လို့ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သိရပါတယ်။ မြက်ချဥ်ဖတ်ကို နေဗီယာမြက်၊ အစ္စရေး မြက်ချို၊ ပြောင်းပင် စတဲ့အပင်တစ်မျိုးမျိုးကို သကာရည်တို့နဲ့ ပြုလုပ်ရ တာဖြစ်ပြီး ချဥ်ဖတ်ပြုလုပ်ပုံတွေကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတွေက မကွေးတိုင်းဒေသကြီးက မွေးမြူရေး တောင်သူတွေကို အသိပညာပေးနေပါတယ်။ မြက်ချဥ်ဖတ်ကို ကျွေးတဲ့အတွက် နွားတွေမှာ အာဟာရကို လုံလောက်စွာ ရရှိစေပြီး အစာပိုစားတဲ့အတွက် မွေးမြူရေးလုပ်ကိုင်သူတွေ ကျွေးသင့်တယ်လို့ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာအောင်မင်းက ပြောကြားခဲ့ပါတယ်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ ကျေးရွာတွေအထိ ကွင်းဆင်းပြီး မြက်ချဥ်ဖတ် ပြုလုပ် နည်းတွေကို အသိပညာပေးတာတွေ လုပ်ဆောင်နေတာအပြင် မေထုန်မဲ့ သားစပ်နည်း၊ တိရိစ္ဆာန်တွေအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ကုသရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ (NVS 004)