“မလေးရှားသို့စင်ကာပူနယ်စပ်ဂိတ်မှဖြတ်သန်းကြတဲ့မြန်မာများအဝင်အထွက်တံဆိပ်တုံးရိုက်ဖို့မြန်မာသံရုံးအသိပေး”
20 Aug
စင်ကာပူနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံကို စင်ကာပူနိုင်ငံရဲ့ နယ်စပ် စစ်ဆေးရေးဂိတ်တွေက တစ်ဆင့်ဖြတ်သန်းသွားလာပါက သက်ဆိုင်ရာနိုင်ငံကို ဆိုက်ရောက်ကြောင်းပုံစံကို မဖြစ်မနေ ဖြည့်စွက်ပြီး မှတ်တမ်းထားရှိကြဖို့နဲ့ အထူးသဖြင့် မလေးရှားနိုင်ငံ စစ်ဆေးရေးဂိတ်မှ မထွက်ခွာမီ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အဝင်တံဆိပ်တုံးရိုက်နှိပ်ပြီး/မပြီးစိစစ်ကြဖို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သြဂုတ်လ ၁၉ ရက်မှာ ထပ်မံထုတ်ပြန်အသိပေးထားပါတယ်။ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ ယခုလိုသတိပေးချက်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသိပေးထား ပြီးဖြစ်ပေမယ့် အလားတူဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားနေတဲ့အတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နဲ့ မြန်မာသံရုံး၊ စင်ကာပူ မြို့တို့အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရတာတွေအပြင် ကာယကံရှင်တွေအနေနဲ့ ဒဏ်ကြေးပေးဆောင်ပြီးမှသာ ပြန်လည်လွတ်မြောက်လာတာတွေက ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံကို စင်ကာပူနိုင်ငံရဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေကတစ်ဆင့် ဖြတ်သန်းသွားလာပါက မလေးရှားနိုင်ငံကို အဝင်/အထွက်တံဆိပ်တုံးတွေ ရိုက်နှိပ်ပေးပြီးမှသာ အဝင်/အထွက်ပြုလုပ်ကြဖို့နဲ့ သက်ဆိုင်ရာတာဝန် ရှိသူတွေက အဝင်/အထွက်တံဆိပ်တုံး ရိုက်နှိပ်ပေးတာမရှိဘဲ ထွက်ခွာဖို့ပြောလာမယ်ဆိုရင် တံဆိပ်တုံးရိုက်နှိပ်ပေးဖို့ ထပ်မံတောင်းဆိုပြီး အဝင်/အထွက်တံဆိပ်တုံးတွေ ပါရှိတယ်ဆိုတာကို စိစစ်ပြီးမှသာ ဝင်/ထွက်ကြဖို့နဲ့ အစစအရာရာ သတိပြုဆင်ခြင်ဆောင်ရွက်သွားလာကြဖို့ ထပ်မံအသိပေးထားတာဖြစ်ပါတယ်။(NVS 004)