“Korea University Medicine အဖွဲ့က မြန်မာနိုင်ငံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးလူနာများကို ခွဲစိတ်ကုသပေး”
20 Aug
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော ကိုရီးယားနိုင်ငံ Korea University Medicine မှ Mr Chang ဦးဆောင်သည့် ဆရာဝန်အဖွဲ့က မြန်မာနိုင်ငံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလူနာ ၈ ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခွဲစိတ်ကုသမှုကို သြဂုတ်လ ၁၈ ရက်၊ နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်အတွင်း ရှုခင်းသာလမ်းရှိ ခုတင် ၁၀၀ ဆံ့သွားနှင့် ခံတွင်းအထူးကုဆေးရုံ(သာကေတ)မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုကိုဆောင်ရွက်ရာ Mr.Chang ဦးဆောင်တဲ့ ဆရာဝန် ၅ ဦး သူနာပြု ၂ ဦး စုစုပေါင်း ၇ ဦးတို့က သွားနှင့်ခံတွင်းဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ပူးပေါင်းကာ ခွဲစိတ်ကုသရန်လျာထားတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးလူနာ ၂၈ ဦးအနက် ၈ ဦးကို ဦးစွာခွဲစိတ်ကုသပေးခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)