“ပြည်ပသို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ သန်းကျော် ရရှိထား”

20 Aug

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၄ လတာအတွင်း ပုစွန်တစ်မျိုးတည်းမှ ပြည်ပသို့တင်ပို့မှု ဒေါ်လာ ၇ သန်းကျော် နိုင်ငံခြားဝင်ငွေရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ပြည်တွင်းရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ ဇူလိုင်လ ကုန်အထိ ၄ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂,၆၀၀ ကျော်တင်ပို့နိုင်ခဲ့တာ ဖြစ်တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။ အခုလိုတင်ပို့ရာမှာ ပုံမှန်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၂,၄၁၈ ဒသမ ၇၂၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၁၂ သန်း ရရှိခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးမှ ပုစွန် မက်ထရစ်တန် ၂၆၉ ဒသမ ၀၇ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈၁ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ငါး၊ ပုစွန် အပါအဝင် မြန်မာ့ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄၀ ကျော်ကို အဓိကထားတင်ပို့နေပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ရန်ကုန်ရေထွက်ကုန်ပစ္စည်းဈေးကွက်အတွင်းမှာ ရေချို/ရေငန်ပုစွန်များ ဝယ်လိုအားများပြားလျက်ရှိပြီး ဈေးနှုန်းအမြင့်မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ (NVS 004)

20 Aug

ADVERTISE HERE .