ထရမ့်၊ ဇယ်လန်းစကီး နှင့် ဥရောပခေါင်းဆောင်များ အိမ်ဖြူတော်တွင် ဆွေးနွေးမှုများပြုလုပ်
19 Aug
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး နှင့် ဥရောပနိုင်ငံ ခုနစ်နိုင်ငံမှခေါင်းဆောင်များက အိမ်ဖြူတော်တွင် ဩဂုတ်လ ၁၈ ရက်၌ နိုင်ငံအများအပြားပါဝင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထရမ့် နှင့် ဇယ်လန်းစကီး တို့ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းနေ့၌ပင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဖင်လန်သမ္မတ အလက်ဇန်းဒါး စတက်ဘ်၊ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မက်ဇ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် တို့ တက်ရောက်ခဲ့သည်။ ရုရှားသမ္မတ ဗလာတီမာ ပူတင် က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များကို လက်ခံရန် သဘောတူညီ ခဲ့ပြီး ယင်းတို့အနက် အဓိကအချက်တစ်ချက်အား သုံးသပ်ရန်လိုအပ်နေကြောင်း၊ ပူတင်က အဖြေတစ်ခုရရှိရန် ဆန္ဒရှိနေကြောင်း ထရမ့် က မီဒီယာများအား ပြောကြားခဲ့သည်။ ဇယ်လန်းစကီး ကမူ အမေရိကန်အနေဖြင့် လုံခြုံရေးအတွက် လေးလေးနက်နက် သတင်းစကားပါးရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့ကာ မိမိနှင့် ပူတင် တို့၏ ဖြစ်နိုင်ဖွယ်ရှိသော သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲသို့ ထရမ့် တက်ရောက်နိုင်မည်ဆိုလျှင် ယူကရိန်းအနေဖြင့် ဝမ်းမြောက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ၌ နယ်မြေအရေးကိစ္စအပါအဝင် ထိရှလွယ်သော အကြောင်းအရာ များကို ဆွေးနွေးသွားမည်ဟု ယူကရိန်းခေါင်းဆောင်က ဆိုသည်။ ထရမ့်ကလည်း ယင်းသုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တတ်နိုင်သမျှ အစောဆုံးပြုလုပ်သင့်ကြောင်း ပြောကြား ခဲ့သည်။ ဥရောပခေါင်းဆောင်များက အပစ်အခတ်ရပ်စဲသည့် အစီအစဉ်ကို ထောက်ခံအားပေးခဲ့ပြီး ယူကရိန်း အတွက် လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ အခြေအနေတိုးတက်မှုအချို့ ရရှိနိုင်သည်ဟု ဆိုသည်။ “အပစ်အခတ်ရပ်စဲခြင်းမရှိဘဲ လာမယ့်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု မက်ဇ် က ပြောသည်။ မက်ခရွန် ကမူ ဥရောပနိုင်ငံများလည်းပါဝင်သည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့် စိတ်ကူးကို အဆိုပြုခဲ့ပြီး လုံခြုံရေးအာမခံချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံမှုကို ထည့်သွင်းဆွေးနွေးရမည်ဟု ပြောကြားခဲ့သည်။ ထရမ့် နှင့် ပူတင် တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ဩဂုတ်လ ၁၅ ရက်က သုံးနာရီနီးပါးတွေ့ဆုံခဲ့ပြီးနောက် ဩဂုတ်လ ၁၈ ရက်၌ ယင်းတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ ၁၅ ရက် တွေ့ဆုံမှု၌ မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း သိရသည်။