တရုတ်နိုင်ငံရှိ လူပုံစံတူစက်ရုပ်အားကစားပွဲက ကမ္ဘာ့နည်းပညာဆန်းသစ်မှုကို မီးမောင်းထိုးဖော်ပြနေ
19 Aug
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဩဂုတ်လ ၁၇ ရက်က ကျင်းပပြီးစီးခဲ့ပြီး ကမ္ဘာ့ပထမဆုံးဖြစ်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူ စက်ရုပ်အားကစားပွဲတွင် အသင်းတစ်သင်းလျှင် စက်ရုပ်ဘောလုံးသမား ငါးဦးစီပါဝင်သော တရုတ်နိုင်ငံမှ Tsinghua Hephaestus အသင်းက ဂျာမနီနိုင်ငံမှ HTWK Robots နှင့် Nao Devils တို့ ပူးတွဲ အသင်းအား အနိုင်ရရှိကာ ချန်ပီယံ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်၏ Mountain & Sea အသင်းက ဂျာမနီနိုင်ငံမှ Sweaty အသင်းအား စက်ရုပ်ဘောလုံးသမား သုံးဦးစီပါဝင်သည့် ဖိုင်နယ်ပွဲတွင် အနိုင်ရရှိခဲ့သည်။ စက်ရုပ်အားကစားပွဲကို ဩဂုတ်လ ၁၄ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံ ၁၆ နိုင်ငံမှ အသင်းပေါင်း ၂၈၀ က ပြိုင်ပွဲ၊ ပြပွဲနှင့် စိတ်ကူးယဉ်အခြေခံအစီအစဉ်များစသည့် အခမ်းအနား ၂၆ ခုဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ သတ္တု၊ ချိ(ပ်)ပြားနှင့် အယ်လ်ဂိုရစ်သမ်များဖြင့် ဉာဏ်ရည်ရှိသော လူပုံစံစက်ရုပ်များက တင်ဆက်ပြသသည့် ထွန်းသစ်စနယ်ပယ်အတွက် အများပြည်သူများအား ပြသရာစင်မြင့်နှင့် နည်းပညာကူးလူးဖလှယ်မှုပလက်ဖောင်း အဖြစ်လည်း ပံ့ပိုးပေးလျက်ရှိသည်။ စက်ရုပ်အားကစားပွဲတွင် မီတာ ၁၀၀၊ မီတာ ၄၀၀၊ မီတာ ၁,၅၀၀၊ အလျားခုန်၊ အလွတ်တမ်း ကျွမ်းဘား ပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲစသည့် ပြိုင်ပွဲအစီအစဉ်များ ပါဝင်သည်။ ထို့ပြင် ပတ်ဝန်းကျင်အခြေအနေကို နမူနာ အခြေခံထားသည့် အစီအစဉ်များကို စက်ရုံများ၊ ဆေးရုံများနှင့် ဟိုတယ်များ စသဖြင့် အပြင်လောကတွင် အမှန်တကယ်ရှိသောအရာများနှင့် အသွင်တူအောင်ဖန်တီးထားသလို စက်ရုပ်တစ်ရုပ်ချင်း၊ အဖွဲ့လိုက် ကခုန်ခြင်း အပြင် ဝူရှူးအားကစား စသည်တို့ကိုလည်း ထည့်သွင်းထားကြောင်း၊ ထိုစိန်ခေါ်မှုများမှာ လူပုံစံတူစက်ရုပ်များ အတွက် အမြင့်မားဆုံးစမ်းသပ်မှုလည်းဖြစ်ကြောင်း သိရသည်။