ဂါဇာမြို့ ထိုးစစ်အား မကြာမီစတင်မည်ဟု အစ္စရေးစစ်တပ် အကြီးအကဲပြော

19 Aug

အကြီးအကျယ် ထိခိုက်ပျက်စီးနေသော ဂါဇာကမ်းမြောင်ဒေသအတွက် နောက်ဆက်တွဲအကျိုးဆက် များနှင့်ပတ်သက်၍ နိုင်ငံတကာ၏ သတိပေးမှုများရှိနေသည့်တိုင် အစ္စရေးစစ်တပ်အနေဖြင့် ယင်းဒေသ၏ အကြီးဆုံး မြို့ပြအချက်အချာနေရာဖြစ်သည့် ဂါဇာမြို့အား ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်အသစ်ကို မကြာမီ စတင်မည်ဟု စစ်တပ်အကြီးအကဲ အီယာလ် ဇာမီယာက ဩဂုတ်လ ၁၇ ရက်၌ ပြောကြားခဲ့သည်။ ဇာမီယာ အနေဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်စဉ်အတွင်း အကြီးတန်းတပ်မှူးများနှင့် ဆွေးနွေးပြောဆိုကာ စစ်ဆင်ရေးနောက်တစ်ဆင့်အတွက် စီမံချက်များရေးဆွဲရာ၌ အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ “ဂစ်ဒီယန်၏ စစ်ရထားများ” ဟု အမည်ရသော စစ်ဆင်ရေး၏နောက်တစ်ဆင့်ကို မကြာမီ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဓားစာခံများကို အသုတ်လိုက်ပြန်လွှတ်ပေးရေးဟူသော အချက်ပါဝင်သည့် အပစ်အခတ်ရပ်စဲမှု အဆုံးသတ်သွားပြီးနောက် မတ်လ၌ ပြန်လည်စတင်ခဲ့သည့် အစ္စရေး၏ထိုးစစ်အား ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။ လာမည့်အဆင့်၌ အစ္စရေးစစ်တပ်က ဂါဇာမြို့၌ ဟားမက်စ်အဖွဲ့အား ပြတ်ပြတ်သားသား ချေမှုန်းနိုင်သည် အထိ ထိုးစစ်အရှိန်ကို ဆက်လက်မြှင့်တင်မည်ဖြစ်ကာ မြေပြင်၊ ဝေဟင်နှင့် ရေပြင်တို့၌ မိမိတို့၏ စွမ်းဆောင်ရည် အားလုံးကို အသုံးပြုသွားမည်ဟု ဇာမီယာ က ဆိုသည်။ အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာတွင် ဖမ်းဆီးခံထားရသည့် အသက်ရှင်နေဆဲ ဓားစာခံများကိုသာမက သေဆုံးသူများကိုပါ နေရပ်သို့ ပြန်လည်ခေါ်ဆောင်ပေးရေးအတွက် ကျင့်ဝတ်ပိုင်းအရတာဝန်ရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အစ္စရေးက ဂါဇာမြို့ရှိ ဒေသခံများအား နေရပ်ရွှေ့ပြောင်းမည့်အစီအစဉ်များကို ကြေညာခဲ့ပြီး တစ်ရက် အကြာတွင် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာတောင်ပိုင်းရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများရှိ ဒေသခံများကို ရွှေ့ပြောင်းပေးရန် ကြိုတင်ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အရပ်သားများအတွက် ရွက်ဖျင်တဲ များဝေငှပေးခြင်းကို ဩဂုတ်လ ၁၇ ရက်၌ စတင်မည်ဟု ဂါဇာ၌ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကြီးကြပ်လျက်ရှိသော အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းဖြစ်သည့် COGAT က ဆိုသည်။ ဟားမက်စ်အဖွဲ့က ယင်းအစီအစဉ်ကို ရှုတ်ချခဲ့ပြီး ဂါဇာမြို့ရှိ သိန်းနှင့်ချီသောဒေသခံများကို ဖယ်ရှားမှုနှင့် နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှု လှိုင်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဟားမက်စ်အဖွဲ့ဦးဆောင်သည့် တိုက်ခိုက်ရေးသမားများက အစ္စရေးအား အပြင်းအထန်တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၆၁,၉၄၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅၅,၈၈၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ဂါဇာ၌ အစာငတ်မွတ်မှုများလည်း ဆက်လက်ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိကာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစာငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် လူခုနစ်ဦးသေဆုံးခဲ့ကြောင်း ယင်းဒေသရှိဆေးရုံများက ဆိုသည်။ သို့ဖြစ်၍ ဂါဇာ၌ အစာငတ်မွတ်မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ကလေးငယ် ၁၁၀ ဦး အပါအဝင် ၂၅၈ ဦး ရှိလာခဲ့ကြောင်း သိရသည်။

19 Aug

ADVERTISE HERE .