“ဇာလန်းစကီးသာ ဆန္ဒရှိပါက ယူကရိန်းပဋိပက္ခ က ချက်ချင်းပြီးဆုံးသွားနိုင်ဟု ထရမ့်ပြော”
19 Aug
ယူကရိန်းသမ္မတ ဗိုလိုဒိုမာ ဇာလန်းစကီး အနေဖြင့် အမှန်တကယ်ဆန္ဒရှိပါက ယခုဖြစ်ပွားနေသည့် ယူကရိန်း ပဋိပက္ခသည် ချက်ချင်းပင် ပြီးဆုံးသွားမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ဆက်လက်တိုက်ခိုက်မှုလုပ်နေရလိမ့်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားသည်။ သို့သော် ဆွေးနွေးမှုများလုပ်ရာတွင် နယ်မြေ ပိုင်းခြားသတ်မှတ်ရေးနှင့် ယူကရိန်းနိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာရေးတို့ ပါဝင်လာမည်မဟုတ်ကြောင်း ထရမ့် ကပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်းသမ္မတ ဇာလန်းစကီးအပြင် ဥရောပဒေသမှ ခေါင်းဆောင် အချို့နှင့် အိမ်ဖြူတော်၌တွေ့ဆုံမှုမတိုင်မီ ယခုကဲ့သို့ ပြောလာခြင်း ဖြစ်သည်။ ထရမ့်သည် အလက်စကာပြည်နယ်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယူကရိန်းသမ္မတနှင့် ဥရောပခေါင်းဆောင်အချို့ကို အိမ်ဖြူတော်သို့ ခေါ်ယူတွေ့ဆုံ၍ ငြိမ်းချမ်းရေးအစီအစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။