“လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်ရောက်နိုင်သော်လည်း မြန်မာကို ဦးတည်ရန်မရှိ”

18 Aug

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်နှင့်ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဩဂုတ်လ ၁၈ ရက်(ယနေ့) နံနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီ အတွင်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။ ထိုမုန်တိုင်းငယ်သည် ဩဂုတ်လ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မူ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်း နေပြီး ဩဂုတ်လ ၁၈ ရက် ညနေအထိ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထားရှိပါတယ်။ (NVS-004)

18 Aug

ADVERTISE HERE .