“အချိန်အခါမဟုတ် ကန်ဖော်ရောင်းချမှုကြောင့် ပုံမှန်မွေးမြူထုတ်လုပ်ရောင်းချမှု ကွင်းဆက်ပြတ်လပ်နိုင်”
18 Aug
ငါးဈေးကွက်သို့ အချိန်အခါမဟုတ် ကန်ဖော်ရောင်းချမှုကြောင့် ပုံမှန်မွေးမြူထုတ်လုပ်ရောင်းချမှု ကွင်းဆက် ပြတ်လပ်နိုင်သည့်အပြင် ရေရှည်တွင် ဝယ်ယူစားသုံးမှုကိုလည်း ထိခိုက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးမှ သိရပါတယ်။ ရေငန်ထွက်ကုန် စတင်ဝင်ရောက်ခဲ့သည့် ဇူလိုင်လပထမပတ်မတိုင်မီ ရေချိုထွက်ကုန်များ ဈေးကောင်းခဲ့ပြီး ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ငါးကန်များက ဈေးကောင်းရရှိခြင်း၊ ဆက်လက်မွေးမြူမှု အစာစရိတ် ချွေတာလိုခြင်းနှင့် ရာသီဥတုကြောင့် ငါးကန်များပျက်စီးဆုံးရှုံးမှုကို ရှောင်ရှားလိုခြင်းတို့ကြောင့် အချိန်မရောက်မီ ငါးကန်များကိုဖော်ကြရာ အရွယ်မတိုင်မီငါးများ ရွှေပိတောက်ငါးဈေးနှင့် ဗဟိုစံပြငါးဈေးသို့ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ငါးဈေးကွက်သို့ ဆိုဒ်သေးငါးများ ဝင်ရောက်မှုများလာခြင်းကြောင့် ပြည်ပပို့ကုန်ဆိုဒ်ကြီးမွေးမြူမှု ၂၀ ရာခိုင်နှုန်း ကျော် လျော့ကျလာပြီး ငါးဆိုဒ်အသေးများ ကန်ဖော်၍ ၄၊ ၅ လက်မအရွယ်မျိုးငါးများ ပြန်လည်စိုက်ထည့်ရာတွင် ဝယ်မရ ခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ငါးမွေးမြူမှုလျော့ကျလာကာ ငါးဈေးနှုန်းအမြင့်ဈေးတွင် ရပ်တန့်နေမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။ ရွှေပိတောက်ငါးဈေးသို့ ယခင်က တစ်ရက်လျှင် ရေထွက်ကုန်ပိဿာချိန် ငါးသိန်းဝင်ရောက်ခဲ့ရာမှ ယခုအခါ ကုန်ချိန်သုံးသိန်းခန့်သာ ဝင်ရောက်လျက်ရှိ၍ ရင်းနှီးမတည်ငွေမြင့်မားလာမှုကြောင့် ကုန်ချိန် ၁၀၀ ရောင်းချရာမှ ကုန်ချိန် ၃၀ သို့ လျှော့ချရောင်းချခြင်းနှင့် လက်ကားရောင်းချရာ မြို့နယ်ဈေးများ၌ ငါးဈေးနှုန်းကို ရောင်းချမှုသည်လည်း စားသုံးသူ၊ ဈေးကွက်နှင့် မွေးမြူထုတ်လုပ်မှုကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် ရေထွက်ကုန်ဝင်ရောက်မှု လျော့ကျမှုကြောင့် ဝယ်လိုအားများလာမှုကို ကုစားနိုင်ရန်အတွက် ငါးသေးဆိုဒ်များ ထုတ်လုပ်ရောင်းချမှုသည် ရေရှည်တွင် ရေထွက်ကုန် ပုံမှန်လည်ပတ်မှုကိုမှုကို ထိခိုက်နိုင်၍ ထုတ်လုပ် ရောင်းချမှုကွင်းဆက်ကိုလည်း ပြတ်လပ်သွားနိုင်ကြောင်း ရွှေပိတောက်ငါးဈေးမှ ရေထွက်ကုန်ဖြန့်ချိသော လုပ်ငန်းရှင် များက သုံးသပ်ထားကြောင်း သိရပါတယ်။ (NVS-004)