“ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့ရော်ဘာတန်ချိန် ၃၈၀,၀၀၀ ခန့် တင်ပို့နိုင်ရန်ရည်မှန်း”

18 Aug

ယခုဘဏ္ဍာနှစ်တွင် ပြည်တွင်းမှထုတ်လုပ်သော မြန်မာ့ရော်ဘာများကို ပြည်ပသို့ တန်ချိန် ၃၈၀,၀၀၀ ခန့် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ ပြည်တွင်းမှ နှစ်စဉ်ထုတ်လုပ်သော ရော်ဘာများ၏ ၆ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌ အသုံးပြုပြီး ၉၄ ရာခိုင်နှုန်းခန့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကာ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ်စတဲ့ နိုင်ငံများသို့ အဓိကထားတင်ပို့လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်မီသော အဆင့်မြင့်ရော်ဘာများထုတ်လုပ်၍ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်စေရန် ရော်ဘာလုပ်ငန်းရှင်များကို နိုင်ငံတော်မှချေးငွေများ ထုတ်ချေးပေးထားသလို အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီး ပေးထားသော ရော်ဘာမှိုင်းရုံလုပ်ငန်းရှင်များကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးလျက်ရှိပါတယ်။ ပြည်တွင်း၌ ရော်ဘာပင်များကို မွန်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ဒုတိယ အများဆုံးစိုက်ပျိုးကာ ကရင်ပြည်နယ်တွင် တတိယအများဆုံး စိုက်ပျိုးကြကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌လည်း ရော်ဘာပင်များ အများအပြားစိုက်ပျိုးကြသည့်အပြင် ယခု နောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ဒေသတချို့တွင်လည်း ရော်ဘာခြံများ စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

18 Aug

ADVERTISE HERE .