“သူနာပြုများ၏ လေ့ကျင့်သင်ကြားမှုသည် ကျန်းမာရေးကဏ္ဍအတွက် အရေးကြီးဟုဆို”
18 Aug
လူနာများနှင့် အနီးကပ်ထိတွေ့ပြုစုရတဲ့အချိန် ပိုမိုများပြားခဲ့တာကြောင့် သူနာပြုများကို လေ့ကျင့်သင်ကြားမှုဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ဩဂုတ်လ ၁၆ ရက်မှာ မိတ္ထီလာမြို့သူနာပြုသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာ၊ ဆရာမများအနေနဲ့ သင်တန်းသား၊သင်တန်းသူများရဲ့ လိုအပ်ချက်များကို တတ်နိုင်သမျှ ပံ့ပိုး ပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုများကို မိသားစုသဖွယ်ဖေးမဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ သင်တန်းကျောင်းအတွင်း ကွန်ပျူတာခန်း၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ထမင်းစား ဆောင်၊ စားဖိုဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် သူနာပြုဆောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။(NVS 004)