“ပြင်ဦးလွင်မြို့မှာ ရွှေဆံပင်အဖွဲ့နှင့် ကုသိုလ်ရှင်များက သစ်ပင် ၂,၀၀၀ ကျော်စိုက်ပျိုးခဲ့”

18 Aug

ပြင်ဦးလွင်မြို့၊ ရွှေဆံပင်ပညာဒါနပရဟိတကျောင်း၌ သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကိုကျင်းပရာ သစ်ပင်‌ပေါင်း ၂,၀၀၀ ကျော် စိုက်ပျိုးခဲ့ကြကြောင်း သိရပါတယ်။ ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက ဆရာတော်များနှင့်အတူ ရွှေဆံပင်ပညာဒါန ကျောင်းသူ/ကျောင်းသားများ၊ ပြင်ဦးလွင်၊ မန္တလေး၊ မုံရွာ၊ ကျောက်ဆည်တို့မှ သစ်ပင်ချစ်သူများ လာရောက်ပါ၀င်ပူးပေါင်း၍ စားပင် ၁,၀၀၀ ကျော်၊ ပန်းပင် ၁,၀၀၀ ကျော်နှင့် အရိပ်လည်းရ/ပန်းလည်းရ၊ အရိပ်လည်းရ/စားလို့လည်းရတဲ့ အပင်ကြီးများ ၂၀၀ ခန့်ကို စိုက်ပျိုးခဲ့ကြပါတယ်။ ကုသိုလ်ယူ သစ်ပင်လာရောက်စိုက်ပျိုးကြသူများကို သြဂုတ်လ ၁၆ ရက်မှာ ပြင်ဦးလွင်မြို့၊ ပြည့်စုံရွှေဆိုင်မိသားစု က နေ့လည်စာကျွေးမွေးလှူဒါန်းပြီး "စိန်မြင့်မိုရ်"ရွှေဆိုင်မိသားစုနှင့် Ok စွယ်တာ မိသားစုကလည်း ရေခဲမုန့်၊ ကိတ်မုန့်နှင့် ယိုးဒယားလိုက်ချီးပင် ၂၀ လှူဒါန်းကြောင်း သိရပါတယ်။ ရွှေဆံပင်အကျိုးဆောင်အဖွဲ့ကလည်း နာနတ်သီးဖျော်ရည်နှင့် မာလကာသီးများ ကျွေးမွေးကုသိုလ်ပြုခဲ့ပါတယ်။ သြဂုတ်လ ၁၅ ရက်ကလည်း ဗန်းမောက်အဖွဲ့က ပြင်ဦးလွင်ရွှေဆံပင် ပညာဒါနသို့ လာရောက်ပြီး သံဃာတော်များနှင့် ကျောင်းသူ/ကျောင်းသား၊ ဝေယျာ၀စ္စများကို နေ့လည်စာအာဟာရ လှူဒါန်းကာ အရိပ်ရ၊အသီးရ မက္ကဒေးမီးယား(ချောကလက်)ပင်များ စိုက်ပျိုးခဲ့ကြပါတယ်။(NVS 004)

18 Aug

ADVERTISE HERE .